Pages

Friday, November 6, 2015

ပေါင်းဆန်တင်ပို့မှု မြင့်တက်လာစေရန် ရုရှားနိုင်ငံသာမက ဥရောပဈေးကွက်သို့ ဈေးကွက်ရှာဖွေမှုများ ပြုလုပ်



ရန်ကုန် ၊ ၆-၁၁-၂၀၁၅

မြန်မာနိုင်ငံထွက် ပေါင်းဆန် တင်ပို့မှု မြင့်တက် လာစေရန် ရုရှားနိုင်ငံ သာမက ဥရောပ ဈေးကွက်သို့ ချဲ့ထွင်ကာ ဈေးကွက် ရှာဖွေမှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အနေဖြင့် မြန်မာနိုင်ငံထွက် ပေါင်းဆန်များ ကို ဥရောပ ဈေးကွက်သို့ ကွန်တိန်နာ နှစ်လုံး၊ သုံးလုံးဖြင့် စမ်းသပ် တင်ပို့ခြင်းများ လုပ်ဆောင်ခဲ့ သော်လည်း ယခုအချိန်ထိ ခိုင်မာသည့် ဈေးကွက် မရရှိသေးဘဲ အောင်မြင်မှု မရရှိ သေးကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ပေါင်းဆန် ကို ရုရှားဈေးကွက် တစ်ခုတည်း သို့သာ အားထားတင်ပို့ နေခြင်းကြောင်း ယခု ဘဏ္ဍာနှစ်တွင် လစဉ် ပေါင်းဆန်တင်ပို့မှု ထက်ဝက်ခန့် လျော့ကျလာရာ တခြားနိုင်ငံ များသို့ ဈေးကွက် ချဲ့ထွင်ရန် လိုအပ်လာကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။

ဥရောပသို့ ပေါင်းဆန်ဈေးကွက် ရှာဖွေရန် အီတလီနိုင်ငံ မီလန်မြို့၌ ပြုလုပ်နေသော မီလန် ကုန်စည်ပြပွဲ ၂ဝ၁၅ တွင် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံထွက် ဧည့်မထ ပေါင်းဆန်ကို ခြောက်လ ပြသထားကာ ပြည်တွင်း ဈေးကွက် တွင်လည်း ပေါင်းဆန် စားသုံးမှုရှိ လာစေရန် ကြော်ငြာခြင်းများ ပြုလုပ် နေကြောင်း သိရသည်။

ပြည်တွင်း၌ ပေါင်းဆန်စက်များ တည်ထောင်မှုသည် ယခင်က အကြမ်းဖျင်း ၁ဝ လုံးသာ ရှိသော်လည်း ၂ဝ၁၄ ခုနှစ်က မက်ပိုကုမ္ပဏီ မှ တန် ၅ဝ ဆံ့သော ပေါင်းဆန်စက် ၁ဝ လုံးကို ဝယ်ယူခဲ့ပြီး အရစ်ကျ စနစ်ဖြင့် ရောင်းချပေး သောကြောင့် ပေါင်းဆန်စက်များ များပြား လာခဲ့သည်။ ပြည်တွင်း၌ ပေါင်းဆန်၏ အကျိုးကျေးဇူးကို သိရှိမှု အားနည်းခြင်းကြောင့် ပေါင်းဆန် စားသုံးမှု မြင့်တက်စေရန် ပညာပေးခြင်းများ ပိုမို လုပ်ဆောင်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပေါင်းဆန်သည် စပါးကို မကြိတ်ခွဲမီ သန့်စင်ခြင်း၊ ရေစိမ်ခြင်းနှင့် ရေနွေးငွေ့ဖြင့် ပေါင်းခြင်းတို့ ပြုလုပ်ပြီး သန့်စင်နေသည့် ပေါင်းပြီးစပါး များကို စနစ်တကျ ကြိတ်ခွဲကာ အဆင့်ဆင့် သန့်စင်ခြင်း၊ ဆန်ခါတင်ခြင်း နှင့် ရွေးချယ်ခြင်းများ ဆောင်ရွက် ထားသော အဆင့်မြင့်ဆန် ဖြစ်သည်။ အဆိုပါ ပေါင်းဆန်တွင် အဆီဓာတ် ပါဝင်မှု နည်းကာ ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင်ဒီ နှင့် ဗီတာမင်အီး ဓာတ်များ အချိုးကျ မျှတစွာ ပါဝင်ကာ သာမန်ဆန်ထက် ဗီတာမင်ဓာတ် ပိုမို ပါဝင်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment