Pages

Monday, November 30, 2015

ထိုင်းခရီးသွားများ နယ်စပ်ဝင်ပေါက်မှ အဓိက လာရောက်သည့် မွန်ပြည်နယ်တွင် ဘုရားဖူးခရီးစဉ် နှင့် ကမ်းခြေခရီးစဉ် သစ်များ ဖော်ထုတ်မည်



ရန်ကုန် ၊ ၃၀-၁၁-၂၀၁၅

ထိုင်း ခရီးသွားများ နယ်စပ်ဝင်ပေါက်မှ အဓိက လာရောက်နေသည့် မွန်ပြည်နယ်တွင် ဘုရားဖူးခရီးစဉ် နှင့် ကမ်းခြေ ခရီးစဉ်သစ်များ ဖော်ထုတ်မည် ဖြစ်ကြောင်း မွန်ပြည်နယ် စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုး က ပြောပြသည်။

မွန်ပြည်နယ်၌ ကျိုက်ထီးရိုး စေတီတော်အပြင် မော်လမြိုင် တောင်ရိုးတန်းပေါ်မှ သံလွင်မြစ်ဝ ရှုခင်းများ၊ ပေါင်မြို့နယ်မှ ဇင်းကျိုက် ဆံတော်ရှင်စေတီ၊ ရေတံခွန်နှင့် နွားလပို့တောင်၊ ဘီးလင်းမြို့နယ်ရှိ မဲလံတောင်၊ သုဝဏ္ဏဘူမိ မြို့ဟောင်း စသည်တို့သို့ သွားရောက်သည့် ခရီးစဉ်များ ရှိနေသည့်အပြင် ရေးမြို့နယ် ရှိ ကဗျာဝ ကမ်းခြေသို့ သွားရောက်နိုင်သည့် ခရီးစဉ်သစ် များလည်း ဖော်ထုတ် နေသည်ဟု သိရသည်။

မွန်ပြည်နယ်သို့ ၂ဝ၁၃ ခုနှစ်တွင် ပြည်ပဧည့်သည် ဦးရေ ၁၁၅ဝ၆ဝ၊ ၂ဝ၁၄ ခုနှစ်၌ ၁၇၂၃၄၄ ဦး၊ ယခုနှစ် ဇန်နဝါရီမှ အောက်တိုဘာ လထိ ၁၁၆၃၁၄ ဦး လာရောက် ခဲ့ကြောင်း သိရသည်။

ခရီးသွား တိုးတက်လာမှုနှင့် အတူ ဟိုတယ်နှင့် တည်းခိုခန်း များလည်း တိုးတက်လျက်ရှိရာ ၂ဝ၁၂ခုနှစ်တွင် မွန်ပြည်နယ်၌ ဟိုတယ်၊ တည်းခိုရိပ်သာ ၂၁ လုံးနှင့် အခန်းပေါင်း ၆၅၂ ခန်းရှိခဲ့ပြီး ယခုနှစ် အောက်တိုဘာလ ထိ ဟိုတယ်၊ တည်းခိုရိပ်သာ အလုံး ၄ဝ နှင့် အခန်းပေါင်း ၁၄၁၃ ခန်းထိ ရှိလာကြောင်း သိရသည်။

ထို့ပြင် ကျိုက်ထီးရိုး စေတီတော်သို့ လာရောက်သည့် ဧည့်သည် တစ်နှစ်ထက်တစ်နှစ် တိုးလာသည့် အတွက် ကျိုက်ထို- ကျိုက်ထီးရိုး သွား ကားလမ်းဘေးတွင် ဟိုတယ်ဇုန် လုပ်ရန် စီစဉ်နေကြောင်း မွန်ပြည်နယ် စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုး က ပြောပြ၍ သိရသည်။

ကျော်လွင်

ရတနာပုံနေ့စဉ် ၊ စာ(၃၁)



No comments:

Post a Comment