Pages

Monday, November 9, 2015

ရန်ကုန်မြို့တော် ၏ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းစဉ် များအနက် ဒုတိယဗဟိုစီးပွားရေးဇုန် စီမံကိန်းကို ၂၀၁၆ ခုနှစ်တွင်စတင်မည်



ရန်ကုန် ၊ ၉-၁၁-၂၀၁၅

ရန်ကုန်မြို့တော်ကို မြို့ပြဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်းစဉ်များ ဆောင်ရွက်သည့် အနေဖြင့် ဒုတိယဗဟို စီးပွားရေးဇုန် (မင်းဓမ္မ) စီမံကိန်းကို ၂ဝ၁၆ ခုနှစ်တွင် စတင်အကောင် အထည်ဖော် ဆောင်ရွက် တော့မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီပိုင် မြေဖြစ်သည့် တော်ဝင်လမ်းနှင့် မင်းဓမ္မလမ်း ကြားရှိ အကျယ် ၃၆ ဒသမ ၅၅၁ ဧကကို ဒုတိယဗဟို စီးပွားရေးဇုန် (မင်းဓမ္မ) စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်ရန် အတွက် ပထမမြန်မာ ဆောက်လုပ်ရေး ကုမ္ပဏီ လီမိတက် (မြန်မာ ဗွီပိုင်အုပ်စု) က ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ၏ ခွင့်ပြုချက်ဖြင့် တာဝန်ယူ တည်ဆောက်မည် ဖြစ်သည်။

အဆိုပါ အကောင် အထည်ဖော် ဆောင်ရွက်မည့် ဒုတိယဗဟို စီးပွားရေးဇုန် (မင်းဓမ္မ) စီမံကိန်း၌ အဆင့်မြင့် ဟိုတယ် အဆောက်အအုံ တစ်လုံး၊ ရုံးခန်း အဆောက်အအုံ လေးလုံး၊ Service Apartment အဆောက်အအုံ ငါးလုံး၊ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်များ၊ အီလက်ထရွန်နစ်နှင့် ကုန်သွယ်ရေး စင်တာများ၊ ငါးထပ်ပါရှိသော ဈေးဝယ်စင်တာများ အစရှိသည့် ဒုတိယ ဗဟို စီးပွားရေးဇုန် (မင်းဓမ္မ) နှင့် သက်ဆိုင်သည့် စီးပွားရေး အဆောက်အအုံ များ ပါဝင်မည် ဖြစ်ပြီး ကွန်ဗင်းရှင်း စင်တာအသစ် ကိုလည်း ထည့်သွင်း တည်ဆောက် သွားမည်ဖြစ်ကာ ရန်ကုန်မြို့တွင် ပထမဆုံးသော Integrated Mixed Development အဖြစ် စတင် အကောင် အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းကြီး တစ်ခုဖြစ်သည်။

စီမံကိန်း ဧရိယာအတွင်း မြေအောက် ကားရပ်နားရန် နေရာ အထပ်သုံးထပ် ထည့်သွင်း တည်ဆောက် သွားမည်ဖြစ်ပြီး ယာဉ် အလုံအလောက် ရပ်နားနိုင် ရန်လည်း စီမံဆောင်ရွက် ထားရှိမည် ဖြစ်သည်။

နိုင်ငံတကာ အဆင့်မီ အရည်အသွေး ကောင်းမွန်သော အဆောက်အအုံ များပါဝင်မည့် အဆိုပါ ဒုတိယဗဟို စီးပွားရေးဇုန် (မင်းဓမ္မ) စီမံကိန်းကို ငါးနှစ်တာ ကာလအတွင်း အကောင် အထည်ဖော် အပြီးသတ် တည်ဆောက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ (ကျော်လွင်)

#Yadanarpondaily

No comments:

Post a Comment