Pages

Monday, November 23, 2015

ဂျပန်နိုင်ငံလေ့လာရေး ခရီးစဉ်မှတ်တမ်း အစီရင်ခံစာ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ


ရန်ကုန် ၊ ၂၃-၁၁-၂ဝ၁၅

မြန်မာ- ဂျပန်အသင်း Myanmar-Japan Association(MJA) မှ ကြီးမှူး ကျင်းပသည့် MJA ၏ ပညာရည် ထူးချွန်ဆုအဖြစ် ၂ဝ၁၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင် ခဲ့ကြသူများ အနက် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ ဘက်စုံ ထူးချွန်သူ ၂ဝ ဦးအား ရွေးချယ်ခဲ့ပြီး ဂျပန်နိုင်ငံသို့ ရှစ်ရက်ကြာ ခရီးစဉ် အဖြစ် စက်တင်ဘာ ၅ ရက်မှ ၁၃ ရက်အထိ မြန်မာ- ဂျပန်အသင်းမှ တာဝန်ရှိ သူများ ဦးစီးလိုက်ပါ၍ စေလွှတ်ခဲ့သည်။ ၄င်းခရီးစဉ် အပြီးတွင် ဂျပန်နိုင်ငံ လေ့လာရေး ခရီးစဉ် မှတ်တမ်း အစီရင်ခံစာကို ဘက်စုံ ထူးချွန်သူ ၂ဝ ဦးအား သတ်မှတ်ရက် အတွင်း ရေးသား ပြုစု တင်ပြစေပြီး ပြိုင်ပွဲအသွင် ဆောင်ရွက် ပေးခဲ့ရာ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းရှိ Signature Restaurant ၌ ကျင်းပခဲ့ကြောင်း သိရသည်။

''ဂျပန်နိုင်ငံ လေ့လာရေး ခရီးစဉ်ကို ဇွန် ၆ ရက်ကစခဲ့ပြီး ခရီးစဉ် မစခင်ကတည်းက ခရီးစဉ်ပြီးရင် တစ်ဦးချင်းစီ အစီရင်ခံစာ တင်ရမယ်ဆိုတာ ကြိုမှာထားပြီး ဖြစ်ပါတယ်။ အစီရင်ခံစာ လုပ်ခိုင်းရတဲ့ ရည်ရွယ်ချက် တွေကတော့ သွားရောက်တဲ့ ခရီးစဉ်မှာ လေ့လာမှတ်သား စေဖို့၊ ဒီခရီးစဉ် ကနေ နား၊ မျက်စိ ဘယ်လောက် ပွင့်ခဲ့သလဲ ဆိုတဲ့ သူတို့ရဲ့ အတွေးအခေါ် အယူအဆတွေ ဘယ်လိုများ ရှိသလဲဆိုတဲ့ အဖြေသိဖို့၊ ကလေးတွေ အစီရင်ခံစာ ပြုစုတတ်ဖို့၊ အဆင့်အတန်း ရှိတဲ့၊ အဆင့်အတန်း မီတဲ့ အစီရင်ခံစာ တစ်ခု ရေးတတ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ခရီးစဉ် မှတ်တမ်းကို ပြိုင်ပွဲအသွင်နဲ့ ဆောင်ရွက် စေတာ ဖြစ်ပါတယ်။ ပြန်ရောက်ပြီး နှစ်ပတ်မှာ အစီရင်ခံစာတွေ တင်ခိုင်းတော့ ရွေးချယ်ရေး အဖွဲ့တွေ ဖတ်ကြပါတယ်။ ရေးသားချက်တွေ ကောင်းကြ ပါတယ်''ဟု မြန်မာ- ဂျပန် အသင်းဥက္ကဋ္ဌ ဦးစောလှမင်း က ပြောသည်။

အဆိုပါ လေ့လာရေး ခရီးစဉ်မှတ်တမ်း အစီရင်ခံစာ ပြိုင်ပွဲတွင် အကောင်းဆုံး အစီရင်ခံစာ ဆုရ ပဲခူးတိုင်း ဒေသကြီးမှ မောင်လူမော်ဟိန်း အား ဂုဏ်ပြုလက်မှတ်နှင့် ချီးမြှင့်ငွေကျပ် နှစ်သိန်း ငါးသောင်းနှင့် အစီရင်ခံစာ အထူးဆုရ ကချင်ပြည်နယ်မှ မောင်ရဲရင့်အောင် ၊ ဧရာဝတီတိုင်း ဒေသကြီးမှ မခင်သစ်ဆွေနှင့် နေပြည်တော်မှ မအေးချမ်းဖြိုး တို့သုံးဦးအား ဂုဏ်ပြုလက်မှတ်နှင့် ချီးမြှင့်ငွေကျပ် တစ်သိန်းငါးသောင်း စီအား မြန်မာ-ဂျပန် အသင်းဥက္ကဋ္ဌ ဦးစောလှမင်း က ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။

မြန်မာ-ဂျပန် အသင်းမှ ထူးချွန် ကျောင်းသား များအား ဂျပန်နိုင်ငံသို့ လေ့လာရေး ခရီး စေလွှတ်ရခြင်းမှာ နှစ်နိုင်ငံချစ်ကြည်ရေး၊ ဆက်ဆံရေး တိုးတက်မှုကို အထောက်အကူ ပြုရန်၊ နိုင်ငံ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှု အထောက်အကူပြု စေရန်နှင့် တက္ကသိုလ်ဝင် တန်းအောင် ကျောင်းသားများ အားအသင်း မှ ဂုဏ်ပြုခြင်း ဖြစ်ကြောင်း သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၂၂)

No comments:

Post a Comment