Pages

Friday, November 13, 2015

စာဖတ်ဝါသနာ ပျိုးထောင်ပါ


စာဖတ်ဝါသနာ ပျိုးထောင်ပါ

လူတစ်ကိုယ် အကြိုက်တစ်မျိုး လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသကဲ့သို့ လူတစ်ဦးစီ၏ ဝါသနာ များသည် တစ်မျိုးစီ ဖြစ်မည်။ ကမ္ဘာပေါ်တွင် လူဦးရေသန်း ခုနစ်ထောင်ကျော် ရှိသည်ဖြစ်ရာ ၄င်းတို့အားလုံး၏ ဝါသနာများ သည်လည်း များစွာပင် ရှိမည်ဖြစ်သည်။ သို့သော် တူညီသည့် အချက်မှာ မိမိတို့၏ ဝါသနာသည် မိမိတို့ကိုယ်တိုင် နှစ်သက်မှု ကြောင့်သာ ဖြစ်ပေါ်လာရခြင်း ဖြစ်သည် ဆိုသည့် အချက်ဖြစ်သည်။

အချို့က အစား၌ အားသန်ကြသည်။ အချို့က အားကစား၌ ပျော်မွေ့ကြ၏။ အချို့က အပျော်အပါး၌ နှစ်လိုကြ၏။ အချို့က ရုပ်ရှင်ဂီတ၌ စိတ်ဝင်စား၏။ အချို့က စာဖတ်ခြင်းကို ပျော်မွေ့၏။ ဤသို့လျှင် ကျယ်ပြန့်လှသော ကမ္ဘာကြီးတွင် ဝါသနာရှင် အများအပြား ကျက်စား ပျော်မွေ့ နေကြသည်။ ဤသို့သော ဝါသနာများတွင် စာဖတ်ခြင်း ဝါသနာသည် မည်သူ့ကိုမျှ အနှောင့်အယှက် မပြု။ စာဖတ်သူ အတွက်မူကား အကျိုးကျေးဇူး အများအပြားကို ရရှိစေသည်။ လူနှင့်တိရစ္ဆာန် ခြားနားမှု၊ တိရစ္ဆာန် တို့ထက် လူတို့က သာလွန်မှု သင်္ကေတသည် စာဖြစ်သည်။ 

ထိုလူတို့၏ သင်္ကေတ ဖြစ်သည့် စာကြောင့် မှုန်ဝါးနေသော အတိတ်ကာလကို ပီပီပြင်ပြင် မြင်နိုင်သည်။ မျက်မှောက် ကမ္ဘာ့ရေးရာ များကိုလည်း ခဏချင်း သိနိုင်သည်။ စာတွင် အသေးဆုံး အပ်တစ်ချောင်း အကြောင်းမှသည် အတိုးတက်ဆုံး သိပ္ပံပညာ ဖြစ်သော ဒုံးပျံအကြောင်းကို လေ့လာ နိုင်သည်။ ထိုသို့သိလိုသမျှကို သိနိုင်သောကြောင့် စာဖတ်သူ တို့သည် စာမဖတ်သူ တို့ထက် အသိအမြင် ကြွယ်ဝ၍ တိုးတက်ကြသည်။

ယနေ့ ကမ္ဘာပေါ်တွင် ဖွံ့ဖြိုး တိုးတက်သော နိုင်ငံများမှ ပြည်သူများသည် စာဖတ်ကြသည်။ မြန်မာနိုင်ငံ အနေဖြင့် လူဦးရေ ၅၁ သန်းကျော် ရှိသော်လည်း နေ့စဉ်ထုတ် သတင်းစာ အရေအတွက် သည် သိန်းဂဏန်း မျှသာရှိ၍ စာဖတ် နည်းကြောင်း သိသာသည်။ နိုင်ငံတော်မှ စာမတတ်သူ ပပျောက်ရေး၊ စာဖတ်သူ တိုးပွားရေး အတွက် စာကြည့်တိုက်များ ထူထောင် ပေးလျက် ရှိနေသော်လည်း စာကြည့်တိုက် များတွင် စာဖတ်သူ နည်းပါးလျက် ပင် ရှိနေသည်။

သို့ဖြစ်ရာ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ဖော်ဆောင် ရာတွင် အသိပညာ ဗဟုသုတ ပြည့်ဝသော ပြည်သူများ ဖြင့်သာ ဖော်ဆောင် နိုင်မည် ဖြစ်သောကြောင့် မြန်မာပြည်သူ များအနေဖြင့် စာဖတ်ခြင်း အလေ့အထကို ဝါသနာအဖြစ် ပြုစုပျိုးထောင် သွားကြရမည် ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment