Pages

Friday, November 13, 2015

မြန်မာရေလုပ်သား ၄၂ ဦး အင်ဒိုနီးရှားနိုင်ငံ တရင်းပါးကျွန်း မှ ပြန်လည်ရောက်ရှိ



ရန်ကုန် ၊ ၁၃-၁၁-၂၀၁၅

အင်ဒိုနီးရှားနိုင်ငံ တရင်းပါးကျွန်း ၌ ရောက်ရှိနေသော မြန်မာ ရေလုပ်သား ၄၂ ဦးသည် ယမန်နေ့ ညနေ ၃ နာရီ ၅ မိနစ်တွင် မလေးရှား လေကြောင်းလိုင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိ လာသည်။

''အသေးစိတ်တော့ မသိရသေးဘူး။ သူတို့ ပြောပြချက်အရ ထိုင်းစက်လှေနဲ့ မလေးရှား ရေပိုင်နက်ထဲမှာ ငါးဖမ်းရင်းနဲ့ အင်ဒိုနီးရှား ရေပိုင်နက်ထဲ ရောက်သွားတာ။ အဲဒီမှာ အင်ဒိုနီးရှား ရေတပ်ကဖမ်းပြီး အင်ဒိုနီးရှားကျွန်း ပေါ်မှာ ဖမ်းဆီးထိန်းသိမ်း ခံရတယ်လို့ သိရတယ်။ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်သွားမှာပါ။ ဒုတိယအုပ်စု ၃၆၄ ဦးမှာ ၉ လပိုင်း ၆ ရက် နေ့ကနေ ဒီနေ့အထိ ရေလုပ်သား ၃၄၅ ဦး ပြန်လည်ရောက်ရှိ ပါတယ်။ အဲဒီထဲမှာ လူကုန် ကူးခံရသူ ၃ဝ ကျော်ပါတယ် ''ဟု အမှတ် (၆) လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးအဖွဲ့ တပ်ဖွဲ့စုမှူး ရဲမှူး ရဲဝင်းအောင် က ပြောသည်။

ယမန်နေ့ ရောက်ရှိသော ရေလုပ်သားများမှာ တနင်္သာရီတိုင်း ဒေသကြီးမှ ၃၇ ဦးနှင့် မွန်ပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ် စသည်တို့မှ တစ်ဦးစီဖြစ်ပြီး စုစုပေါင်း ၄၂ ဦး ရောက်ရှိခြင်း ဖြစ်သည်။

''ကျွန်တော်တို့ ငါးဖမ်းရင်း ရေနည်းနည်း လွန်သွားတယ်။ အင်ဒိုနီးရှား ရေတပ်က ဖမ်းပြီး တရင်းပါကျွန်း ကိုပို့တယ်။ လှေတစ်စင်းလုံးမှာ အကုန်လုံး မြန်မာတွေပဲ။ ကျွန်တော်ကပဲ ဦးစီးပြီး သူတို့ကို မကြောက်ဖို့ အားပေးစကား ပြောတယ်။ နည်းနည်း ကြာလာတော့ တစ်လနှစ်လ ဖြစ်လာတော့ အလုပ်တွေ ရတယ်။ ကျောက်ထု၊ အုတ်ထု၊ ပန်းရန်အလုပ် တွေရတယ်။ ပိုက်ဆံရတယ်။ ဒီနေ့က အဲဒီမှာ နေရတာ ခုနစ်လ ပြည့်တဲ့နေ့ပဲ။ မိသားစုတွေနဲ့ ပြန်တွေ့ရမှာ ဆိုတော့ ဝမ်းသာပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ကျေးဇူးအလွန် တင်ပါတယ်'' ဟု မြိတ်မြို့နယ်မှ ရေလုပ်သား ကိုမျိုးမာန်ဦး က ပြောသည်။

အဆိုပါ ရေလုပ်သား များအား အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် အလုပ်အကိုင် ရရှိရေးအတွက် ရေလုပ်သားများ ဆန္ဒရှိပါက ပြည်တွင်း၌ ကူညီဆောင်ရွက် ပေးမည် ဖြစ်သည်။ လက်ရှိတွင် မရမ်းကုန်း မြို့နယ် ကျိုက်ဝိုင်းဘုရား လမ်းရှိ လူမှုဝန်ထမ်း ဦးစီးဌာန၌ လူမှုဝန်ထမ်း အတတ်သင် သိပ္ပံကျောင်းတွင် နေထိုင် စားသောက်ရေး စီစဉ်ပေးထားပြီး သက်ဆိုင်ရာ မြို့များသို့ အခမဲ့ပို့ဆောင် ပေးမည် ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ရောက်ရှိလာသော မြန်မာရေလုပ်သား ၄၂ ဦးအား နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ မြန်မာသံရုံးနှင့် ရွှေ့ပြောင်း သွားလာ နေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) ၊ လေကြောင်း ရဲတပ်ဖွဲ့တို့က ကြိုဆိုနှုတ်ဆက် ကြပြီး လိုအပ်သည် များကို ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။ (ဇာနည်မောင်)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

#Themyawadydaily

No comments:

Post a Comment