Pages

Monday, November 9, 2015

မဟာဘုံကထိန်ဘုရားပွဲနှင့် တန်ဆောင်တိုင်မီးပုံးပျံ လွှတ်ပွဲကြီးမတိုင်မီ တောင်ကြီးမြို့ရှိ စူဠာမုနိလောကချမ်းသာ စေတီတော်အား မွမ်းမံပြင်ဆင်



တောင်ကြီး ၊ ၉-၁၁-၂၀၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ သီရိပုညဝဍ္ဎန ကုန်းတော်ရှိ စူဠာမုနိ လောကချမ်းသာ စေတီတော်ကြီး တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော မဟာဘုံကထိန် ဘုရားပွဲနှင့် အဝေရာ ကုန်းသာယာ တို့၌ တစ်ပြိုင်တည်း ကျင်းပလေ့ရှိသည့် တန်ဆောင်တိုင် ပွဲတော် ရိုးရာမီးပုံးပျံလွှတ်ပွဲ ကြီးမတိုင်မီ အဆိုပါ စေတီတော်အား လိုအပ်သည့် ပြင်ဆင်မှုများကို အချိန်မီ မွမ်းမံ ဆောင်ရွက်လျက် ရှိကြောင်း စေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကိုကြီး ထံမှ သိရသည်။

''အစဉ်အလာ အားဖြင့်တော့ ပွဲတော်ရက် မရောက်ခင် သုံးရက်၊ ငါးရက် အလိုမှာ ပြည်တွင်းက ရပ်ဝေး၊ ရပ်နီးနဲ့ ပြည်ပခရီးသည် တွေကြိုတင်ပြီး အဓိကလာရောက် လည်ပတ်လေ့ ရှိတဲ့ စေတီတော်ကြီး ဖြစ်ပါတယ်။ အရင်ကဆို ဘုရားဖူး လာသူတွေ အတွက် နားခိုဆောင်တို့၊ ဇရပ်တို့၊ ကားရပ်နား စရာတို့ဆိုတာ မရှိခဲ့ပါဘူး။ နေပူပူ၊ မိုးရွာရွာ ရင်ပြင်တော်ပေါ် နဲ့ နီးစပ်ရာ သစ်ပင်ရိပ် အောက်တွေမှာပဲ ခိုနားကြရတယ်။ အဲဒီ အခက်အခဲ တွေ ပြေလည် သွားအောင် အခုလို မွမ်းမံ ပြင်ဆင်သင့်တာ တွေကို ကြို တင်ပြီး ဆောင်ရွက်နေတာ ဖြစ်ပါ တယ်'' ဟု ၄င်းက ပြောပြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် စေတီတော်ကြီး ပရိဝုဏ်တွင်းပြင် ပလက်တီနမ် ဆေးဖြူများ သုတ်ခြင်း၊ အထွတ်စေတီ အောက်ပတ်လည်၊ ကွမ်းတောင်ပတ်လည်၊ အာရုံခံတိုက် ပတ်လည်နှင့် အရံစေတီ ၁၆ ဆူပတ်လည် တို့၌ ရောင်စုံမီးများ ထွန်းညှိပူဇော် နိုင်ရန် လျှပ်စစ်ကြိုးများ သွယ်တန်း၍ မွမ်းမံပြင်ဆင်ခြင်း၊ ဘုရားကြီးကုန်းတော် တောင်ဘက် အောက်ကပ်လျက်ရှိ ဇေတဝန် ဗုဒ္ဓသာသနာ့ ဗိမာန်တော်ကြီး ဘေး၌ အဝေးပြေး ကားကြီး ၁၅ စီး လွယ်လင့်တကူ ရပ်နားနိုင်ရန် ပေ ၂ဝဝဝ ခန့်ရှိသည့် ကားပါကင် တစ်ခု တည်ဆောက် ထားသည်။

ထို့ပြင် ရင်ပြင်တော် တောင်ဘက်တွင် ၃၅ ပေ အရှည်ရှိ အဆောင်နှစ်ခုနှင့် ပေ ၇ဝ အရှည်ရှိ နားခိုဆောင် တည်ဆောက်ခြင်း၊ ဘုရားရင်ပြင် တော်အတွင်း အမြင့် ခြောက်ပေ၊ အလျား ၁ ဝပေနှင့် နှစ်ခုံတွဲ (ကြီး)ကိုးခုံ၊ အမြင့်ခြောက် ပေ၊ အလျား ငါးပေရှိ ခုံ ၂၃ခုံ နားနေဆောင် များကို ပြုပြင် မွမ်းမံ ဆေးသုတ်၍ ကြားအပူဒဏ် ခံပြားများ ပါရှိသည့် ပလိန်းသွပ် ဖြင့် အမိုးသစ်များ တပ်ဆင်ခြင်း၊ အဆိုပါ နားခိုဆောင် လေးများ၌ အမြင့် လေးလက်မ၊ အကျယ်ငါး ပေပတ်လည်ရှိ သစ်သားကွပ်ပျစ် ခုံများ စီစဉ်ထားရှိခြင်း၊ ရင်ပြင် တော်အရှေ့ တိုးချဲ့ရင်ပြင်မြောက် ဘက်၌ ဘုရားဖူးများ တရားအား ထုတ်နိုင်ရန် အမြင့် ၁ဝ ပေ၊ အကျယ် ငါးပေရှိ သီးသန့်လုံးချင်း အဆောင် ၁ဝ လုံး ဆောက်လုပ်ခြင်း တို့ကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 

#Yadanarpondaily

No comments:

Post a Comment