Pages

Monday, November 9, 2015

ခရီးသွားရာသီ ရောက်ရှိလာပြီဖြစ်၍ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော် လုံခြုံရေးလုပ်ငန်းများ ဂရုတစိုက် ဆောင်ရွက်လျက်ရှိ



ရန်ကုန် ၊ ၉-၁၁-၂ဝ၁၅

မြန်မာနိုင်ငံ၌ အလည်အပတ် ခရီးထွက်သူ များပြားသော ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်ရာ မွန်ပြည်နယ် ကျိုက်ထို မြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်သို့ လာရောက် ဖူးမြော်ကြသော ပြည်တွင်းပြည်ပ ခရီးသွားများ ပိုမိုများပြား လာသည့် အတွက် နိုင်ငံခြား ခရီးသွား ဧည့်သည်များနှင့် ပြည်တွင်းမှ ဘုရားဖူး ပြည်သူများ ဘေးအန္တရာယ် ကင်းဝေးပြီး လုံခြုံစိတ်ချ မှု ရှိစေရန်နှင့် သာသနိက အဆောက်အအုံ များအား အဖျက်သမား များရန်မှ ကာကွယ် တားဆီးနိုင် စေရန် လုံခြုံရေး အင်အားများ အပြည့်အဝ ချထားပြီး လုံခြုံရေး လုပ်ငန်းစဉ် များကို ဂရုတစိုက် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဘုရားဂေါပက အဖွဲ့မှ လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး ဝန်ထမ်းအင်အား ၄ဝ ကျော်နှင့် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်၌ တာဝန်ကျသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် အင်အား ၆ဝ ကျော်တို့ ပူးပေါင်းကာ ဘုရားမုခ်ဝများ၊ ရွှေသင်္ကန်း ကပ်လှူသော နေရာများ အနီး၌ Walk Through Detector များဖြင့် စစ်ဆေးခြင်း၊ တောင်တက်၊ တောင်ဆင်း မော်တော်ယာဉ် စခန်းများ၌ မသင်္ကာ ဖွယ်ရာများအား ရှာဖွေ စစ်ဆေးခြင်းနှင့် CCTV ကင်မရာများမှ တစ်ဆင့် ဘုရားရင်ပြင် တစ်ခုလုံးကို အမြဲမပြတ် စောင့်ကြည့်ခြင်း စသည်တို့ကို လုပ်ဆောင်လျက် ရှိသည်။

ထို့ပြင် ဘုရားရင်ပြင် တော်ပေါ်၌ အများအမြင် မတော်အောင် ပြုမူ နေထိုင်ခြင်း၊ ယဉ်ကျေးမှု မရှိသည့် ဝတ်စား ဆင်ယင်မှု မျိုးဖြင့် ရင်ပြင်တော် ပေါ်သို့လာခြင်း၊ ဘုရားဖူး ပြည်သူများ အနှောင့်အယှက် ဖြစ်စေ လောက်အောင် အော်ဟစ် ဆူညံခြင်း နှင့် ပြေးလွှား ဆော့ကစားခြင်း စသည့် အပြုအမူ များကိုလည်း မပြုလုပ်ကြရန် သက်ဆိုင်ရာ ဘုရားဂေါပက အဖွဲ့မှ တာဝန်ရှိ သူများက ကြေညာ တားမြစ်ထားသည်။

လက်ရှိတွင် ခရီးသွား ရာသီသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် မြတ်ကြီးသို့ တစ်နေ့လျှင် ပျှမ်းမျှအားဖြင့် နိုင်ငံခြား ခရီးသွား ဧည့်သည် ၄ဝဝ ခန့်နှင့် ပြည်တွင်းမှ ဘုရားဖူး ဧည့်သည် ၅ဝဝဝ ကျော် လာရောက် ဖူးမြော်ကြပြီး စနေနှင့် တနင်္ဂနွေနေ့ တို့တွင် ပိုများကြောင်း သိရသည်။ (ဆောင်းဦး)

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment