Pages

Monday, November 9, 2015

ပုဂံ-ညောင်ဦး ဒေသရှိ e-Bike အငှားယာဉ်ကို ကမ္ဘာလှည့် ခရီးသည်တို့ အကြိုက်တွေ့



ညောင်ဦး ၊ ၉-၁၁-၂၀၁၅

ပြည်တွင်း ဘုရားဖူး ဧည့်သည် များသည် များသောအားဖြင့် ကိုယ်ပိုင် မော်တော်ယာဉ် များနှင့် လည်ပတ် နေကြသော်လည်း ကမ္ဘာလှည့် ခရီးသည်များမှာ မော်တော်ယာဉ်များ ငှားရမ်းပြီး လည်ပတ်ရာတွင် ငှားရမ်းခ ဈေးနှုန်း မြင့်မားခြင်း၊ မိမိတို့ သွားလိုရာသို့ သွားလာရန် ခက်ခဲခြင်းတို့ ဖြစ်ပေါ်လျက် ရှိသည့်အပြင် အနှေးယာဉ်များ ဖြစ်သော စက်ဘီး၊ ဆိုက်ကား၊ မြင်းလှည်း များဖြင့် လည်ပတ်ရာ တွင်လည်း အချိန် ကြန့်ကြာခြင်းတို့ ဖြစ်ပေါ်လျက် ရှိခြင်းတို့ကြောင့် ခေတ်နှင့်အညီ တိုးတက်လာသော e-Bike (ခေါ်) လျှပ်စစ်ဆိုင်ကယ် တို့ကို ငှားရမ်း အသုံးပြုမှု များပြား လာကြောင်း သိရသည်။

ပုဂံ-ညောင်ဦး ဒေသတွင် e-Bike (ခေါ်) လျှပ်စစ်ဆိုင်ကယ် များ ငှားရမ်းသည့် လုပ်ငန်းသည် ယခုအခါ နေရာဒေသ အနှံ့အပြားတွင် တွင်ကျယ်စွာ ငှားရမ်း အသုံးပြု နိုင်ကြောင်း သိရသည်။ e-Bike တစ်စီးလျှင် လူနှစ်ဦး စီးနင်းနိုင်ပြီး နံနက် ၅ နာရီမှ ည ၈ နာရီထိ ငွေကျပ် ၆ဝဝဝ ၊ နေ့တစ်ဝက် ငွေကျပ် ၃ဝဝဝ နှင့် တစ်နာရီလျှင် ငွေကျပ် ၂ဝဝဝ တို့ဖြင့် ငှားရမ်းနိုင်သည်။ ပျက်စီးမှုဖြစ်၍ သော်လည်းကောင်း၊ ဘက်ထရီ အားကုန်သွား၍ သော် လည်းကောင်း ဆက်လက်စီးနင်း ၍ မရတော့ပါက သက်ဆိုင်ရာ ငှားရမ်းသည့် ဆိုင်များသို့ ဖုန်းဆက် အကြောင်းကြားလျှင် ၁၅ မိနစ် အတွင်း လာရောက် လဲလှယ်ပေးကြောင်း သိရသည်။

e-Bike များသည် ပေါ့ပါးပြီး ခရီးတွင်ကျယ်ခြင်း၊ လိုရာခရီးသို့ လျင်လျင်မြန်မြန် ရောက်ရှိနိုင်ခြင်း၊ ငှားရမ်းခ သက်သာခြင်း၊ ဘက်ထရီ အား အသုံးခံခြင်း တို့ကြောင့် ကမ္ဘာလှည့် ခရီးသည်များ အကြိုက် တွေ့လျက် ရှိသည်။ 

လုပ်ငန်းရှင် များသည် ငှားရမ်းသည့်လုပ်ငန်း အပြင် အခြားဒေသများသို့ ရောင်းချပေးခြင်း၊ ပြင်ဆင်သည့် ဝန်ဆောင်မှုပေးခြင်းတို့ကို လုပ် ဆောင်ပေးလျက်ရှိသောကြောင့် ပုဂံ-ညောင်ဦးဒေသတွင် e-Bike လုပ်ငန်းသည် တွင်ကျယ်လျက် ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment