Pages

Monday, November 9, 2015

နဝမတန်းနှင့် တက္ကသိုလ်ဝင်တန်း တို့တွင် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားနေသော သိပ္ပံတွဲများကို မြန်မာဘာသာ ပြောင်းလဲသင်ကြားရန် စီစဉ်ဆွေးနွေး


ရန်ကုန် ၊ ၉-၁၁-၂ဝ၁၅

အခြေခံပညာ အထက်တန်းတွင် သင်ကြားနေသော အထွေထွေသိပ္ပံ ဘာသာတွဲ များကို မြန်မာဘာသာဖြင့် ပြောင်းလဲ သင်ကြားရန် ဆွေးနွေးညှိနှိုင်း နေပြီး အဆိုပါ ဆွေးနွေး ညှိနှိုင်းမှုများ သေချာသွားပါက ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန မှ သိရသည်။

''ဒီနှစ် ရန်ကုန်တိုင်း ဒေသကြီးမှာ နဝမတန်း ရဲ့အောင်ချက်က ရာခိုင်နှုန်း သိသိသာသာ လျော့နည်း လာတယ်။ အရင်က ၉ဝ ရာခိုင်နှုန်းကျော် ရှိခဲ့ရာကနေ အခု ၅ဝ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့တယ်။ ဘာကြောင့်လဲ ဆိုရင် ငယ်ငယ်က အခြေခံကောင်းတဲ့ ကလေးတွေက အင်္ဂလိပ်စာကို နိုင်နိုင်နင်းနင်း ကျက်နိုင်တယ်။ အခြေခံ မရှိတဲ့ ကလေးတွေ ကျတော့ အဋ္ဌမတန်း အောင်တာနဲ့ နဝမတန်းလည်း ရောက်ရော အင်္ဂလိပ်စာနဲ့ ထိတွေ့ရတဲ့ အတွက် မနိုင်မနင်းတွေ ဖြစ်ကုန်တယ်။ စာမေးပွဲတွေ ကလည်း အတန်းတင်ပြီး အောင်ပေးလို့ မရတာကြောင့် အခုလို အောင်ချက် ရာခိုင်နှုန်းတွေ ကျဆင်း ရတာပါ။ ဒါကြောင့် မြန်မာနိုင်ငံက ကျောင်းသားတွေ အနေနဲ့ သိပ္ပံ ဘာသာတွဲကို မြန်မာလို ပြောင်းပြီး သင်ကြားပေးရင် အဆင်ပြေမယ် ထင်တာကြောင့် အခုလို ဆွေးနွေး ညှိနှိုင်းမှုတွေ ပြုလုပ် နေတာပါ'' ဟု ဗဟန်းမြို့နယ် ရှိ လက်ထောက် ပညာရေးမှူး ဦးတင်ဖုန်း ၏ ပြောကြားချက် အရ သိရသည်။

အခြေခံပညာ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် သိပ္ပံဘာသာတွဲ များဖြစ်သည့် ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒဘာ သာရပ်တို့ကို မြန်မာဘာသာ ပြောင်းပြီး သင်ကြားမှု ပြုလုပ်နိုင်ပါက ကလေးများ
အနေဖြင့် စာများပိုမို သိလွယ်တတ်လွယ် လာနိုင်မည် ဖြစ်သည်။ အောင်ချက် ရာခိုင်နှုန်း များလည်း မြင့်မား လာမည်ဟု ထင်မြင်ယူဆ ခြင်းကြောင့် သိပ္ပံဘာသာတွဲ များကို မြန်မာဘာသာဖြင့် ပြောင်းလဲ သင်ကြားရန် ဆွေးနွေးခြင်း ဖြစ်ကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment