Pages

Friday, November 27, 2015

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ်တွင် အခွန်ငွေကျပ် ၉၀၀ ဘီလီယံကျော် ရရှိရန် မျှော်မှန်းထား


ရန်ကုန် ၊ ၂၇-၁၁-၂၀၁၅

ရန်ကုန်တိုင်း ဒေသကြီးအတွင်း အခွန် အရပ်ရပ်မှ ယခုနှစ်တွင် အခွန်ငွေ ကျပ် ၉ဝဝ ဘီလီယံခန့် ရရှိရန် မျှော်မှန်း ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျပ် ၄၅ဝ ဘီလီယံ ခန့်သာ အခွန်ငွေ ကောက်ခံရရှိ ထားပြီး ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ် ကာလအတူ ယခုအချိန်တွင် ကျပ် ၅ဝဝ ဘီလီယံခန့် ရရှိနေပြီ ဖြစ်သည်။ ယခုနှစ်တွင် အကောက်ခွန်ငွေ လျော့ကျခြင်းသည် အဓိကအားဖြင့် အိမ်ခြံမြေ အရောင်းအဝယ် ကျဆင်းမှုနှင့် နိုင်ငံပိုင် လုပ်ငန်းများမှ အခွန် ပေးသွင်းမှုကို ရန်ကုန် အစား နေပြည်တော် တွင် ပေးသွင်းခြင်း တို့ကြောင့် ဖြစ်သည်။ ပြီးခဲ့ သည့်နှစ်ထက် အခွန်ရရှိမှုကျပ် ၅ဝ ဘီလီယံ ခန့် လျော့နည်းရာတွင် အိမ်ခြံမြေ ရောင်းဝယ်မှုတွင် အခွန်ရရှိမှုသည် ကျပ် ၂၇ ဘီလီယံအထိ လျော့နည်း ခြင်းကြောင့် ဖြစ်သည်။

ထို့သို့ အိမ်ခြံမြေ အရောင်းအဝယ် ကျဆင်းခြင်းသည် အခွန်ရရှိမှုကို များစွာထိခိုက်မှု ရှိနေကြောင်း သိရသည်။

ထို့ပြင် အခွန်ထမ်း ပြည်သူတချို့တွင် အခွန် တိမ်းရှောင်မှုများ ရှိနေခြင်းကြောင့် အဆိုပါ ကိစ္စများကို ကြပ်မတ် နိုင်ရန်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အထောက်အကူပြု အဖွဲ့များ ဖွဲ့၍ ဖွဲ့စည်း ဆောင်ရွက် သွားမည် ဖြစ်သည်။ ယင်းအဖွဲ့များအား ဗဟိုအဆင့် ဖွဲ့စည်းပြီး ဖြစ်သော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖွဲ့စည်းနိုင်ခြင်း မရှိသေးသည့်အတွက် ဆက်လက် လုပ်ဆောင်မည် ဖြစ်သည်။

ယင်းသို့ ဖွဲ့စည်းရာတွင် ရပ်ကွက် ရာအိမ်မှူး မှတစ်ဆင့် အထွေထွေ အုပ်ချုပ်ရေးမှူး တို့ဖြင့် မြို့နယ်အဆင့်များ အထိ ပါဝင်စေမည် ဖြစ်ပြီး ထိုမှတစ်ဆင့် အခွန်တိမ်းရှောင် သူများအား သိရှိစေနိုင်မည့် အပြင် အခွန်ဝင်ငွေ များပါ တိုးတက်လာ စေမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် အခွန် ကောက်ခံရာတွင် ယခုနှစ်အတွက် အခွန်ငွေကျပ် ၄၇ဝဝ ဘီလီယံ ရရှိမည်ဟု မျှော်မှန်းထားပြီး ပြည်တွင်းအခွန်များ ဦးစီးဌာနသည် အခွန်ငွေ ကောက်ခံခြင်း ကို တစ်နှစ်ထက် တစ်နှစ် ဖြေလျှော့ပေး လာသော်လည်း အခွန်ထမ်း တချို့မှာ အခွန် တိမ်းရှောင်မှုများ ရှိနေသေးကြောင်း၊ စစ်ဆေးခြင်းများ ပြုလုပ်ရာတွင် အခွန် တိမ်းရှောင်မှု များကို တွေ့ရှိပါက အခွန်ဆိုင်ရာ ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment