Pages

Friday, November 27, 2015

မဟာဘွဲ့သင်တန်း ဖြေဆိုခွင့်ရသူများစာရင်းကို ဒီဇင်ဘာ ၁၅ ရက်တွင် ကြေညာမည်


ရန်ကုန် ၊ ၂၇-၁၁-၂၀၁၅

ရန်ကုန် စီးပွားရေး တက္ကသိုလ်နှင့် ချင်းမိုင် တက္ကသိုလ်တို့ ပူးပေါင်း ဖွင့်လှစ်မည့် မဟာဘွဲ့ သင်တန်း ဖြေဆိုခွင့် ရရှိသူများ စာရင်းအား ဒီဇင်ဘာ ၁၅ ရက်တွင် ကြေညာ ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန် စီးပွားရေး တက္ကသိုလ် မှ သိရသည်။

Master of Economics (CMU) မဟာဘွဲ့သင်တန်း အမှတ်စဉ်(၂)အား ပညာရေး ဝန်ကြီးဌာန လက်အောက်ရှိ အဆင့်မြင့် ပညာဦးစီးဌာန ရန်ကုန် တက္ကသိုလ်တွင် ဖွင့်လှစ်မည် ဖြစ်ရာ ဒီဇင်ဘာ ၁ဝ ရက် မွန်းလွဲ ၁ နာရီတွင် စာရင်းပေးသွင်း လျှောက်ထား နိုင်ပြီး ဖြေဆိုခွင့် ရရှိသူများအား ဒီဇင်ဘာ ၁၅ ရက်တွင် ကြေညာ ပေးသွားမည် ဖြစ်သည်။

ထို့ပြင် သင်တန်းဝင်ခွင့် နှုတ်ဖြေစာမေးပွဲ များကို ဒီဇင်ဘာ ၂၁ ရက်တွင် ရန်ကုန် တက္ကသိုလ် (ကမာရွတ်နယ်မြေ) ၌ ကျင်းပမည် ဖြစ်ကာ ရွေးချယ်ခံရ သူများအတွက် ချင်းမိုင် တက္ကသိုလ်သို့ ပေးသွင်းရမည့် ကျောင်းလခ များကို Bangkok Bank မှ ပညာသင်စရိတ် ပေးသွားမည် ဖြစ်သည်။

အဆိုပါ မဟာဘွဲ့ သင်တန်းကို အချိန်ပြည့် သင်တန်းအဖြစ် ဖွင့်လှစ်မည် ဖြစ်ပြီး တက္ကသိုလ် တစ်ခုခုမှ အသိအမှတ်ပြု ဘွဲ့ရရှိပြီးသူ၊ စီးပွားရေး တက္ကသိုလ်များတွင် တာဝန် ထမ်းဆောင်လျက် ရှိသည့် ဆရာ၊ ဆရာမများ၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန စသည်တို့မှ ဝန်ထမ်းများ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ စာရင်းအင်းပညာ ကျွမ်းကျင်သူများ၊ တက္ကသိုလ် တစ်ခုခုတွင် တခြားသင်တန်း တက်ရောက်ထားခြင်း မရှိသူများ၊ သတ်မှတ် ထားသည့် သင်ရိုးအတိုင်း အချိန်ပြည့်မီစွာ တက်ရောက်နိုင် သူများ လျှောက်ထား နိုင်ကြောင်း လျှောက်လွှာများကို ဖွံ့ဖြိုးမှုပညာ မဟာဘွဲ့ရုံးခန်း ရန်ကုန်စီးပွားရေး တက္ကသိုလ် (ကမာရွတ်နယ်မြေ) ၌ ရယူနိုင်ကြောင်း သိရသည်။ (နေနေ)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment