Pages

Wednesday, November 4, 2015

အထက်မြန်မာပြည်၏ ပထမဦးဆုံးသော မသန်စွမ်းကလေးများ အခမဲ့ပညာသင်ကျောင်း ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် ဖွင့်လှစ်မည်


မန္တလေး ၊ ၄-၁၁-၂၀၁၅

မြန်မာနိုင်ငံအတွင်းရှိ မသန်စွမ်းမှုများကို အမျိုးအစား လေးမျိုးခွဲခြား ထားရာ အဆိုပါ အမျိုးအစားများမှ ဉာဏ်ရည် မသန်စွမ်း ကလေးငယ်များကို ဦးစားပေး သင်ကြားပေးမည့် အထက် မြန်မာပြည်၏ ပထမဦးဆုံးသော မသန်စွမ်း ကလေးငယ်များကို သင်ကြား ပေးမည့် အခမဲ့ ပညာသင်ကျောင်း ကို ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် အတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခု ဖွင့်လှစ်မည့် အခမဲ့ပညာ သင်ကျောင်းကို စမတ်တစ် ကောလိပ်၏ ဦးဆောင်မှုဖြင့် မန္တလေး အောင်မြေသာစံ မြို့နယ် အတွင်းရှိ အိုးဘိုပရဟိတ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း၌ ဖွင့်လှစ်မည် ဖြစ်သည်။

''လက်ရှိ အနေအထားမှာ မသန်စွမ်း ကလေးတွေနဲ့ ပတ်သက်ပြီး မိဘ ၊ ညီအစ်ကို မောင်နှမ တွေက ပြုစုစောင့်ရှောက် ပေးဖို့ပဲ ဦးစားပေး နေကြတယ်။ နောက်ပြီး ကလေးတွေကို မသန်စွမ်းတဲ့ အတွက် ပညာ သင်ကြားပေးလို့ မရနိုင်ဘူးလို့ မှတ်ယူထား ကြတယ်။ ဒါကြောင့် မသန်စွမ်း ကလေးငယ် တွေရဲ့ပညာသင်ကြား မှုနဲ့အတူ အခြား အခွင့်အရေး တွေလဲ ဆုံးရှုံးနေကြ ရတယ်။ မသန်စွမ်း ကလေးတွေ ဆိုရင် သူတို့နဲ့ ပတ်သက်သူ တွေက ပြုစုစောင့်ရှောက် ပေးကြဖို့ပဲ ဦးတည်နေတယ်။ စောင့်ရှောက်ပေးတာ ကောင်းမွန် ပေမယ့် သင်ကြားပေး နိုင်ဖို့ လိုအပ်ပါတယ်။ စောင့်ရှောက်မှု ဘယ်လောက် ကောင်းကောင်း သင်ကြားမှု မပေးနိုင်ရင် ကိုယ့်ဘာသာကိုယ် ရပ်တည် နိုင်မှုတွေ ပျောက်ဆုံး သွားနိုင် ပါတယ်။ဒါကြောင့် မသန်စွမ်း ကလေးတွေကို ကိုယ့်ဘာသာ ရပ်တည် နိုင်စေဖို့ ဦးတည်ချက်နဲ့ အခုကျောင်းကို ဖွင့်လှစ်ပေး မှာပါ'' ဟု အခမဲ့ပညာ သင်ကျောင်း ဖွင့်လှစ်နိုင်ရန် စီစဉ် နေသည့်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

လက်ရှိအချိန်တွင် မန္တလေးမြို့၌ မသန်စွမ်း ကလေးငယ် များကို အခကြေးငွေ ယူ၍ သင်ကြားပေး နေသည့်ကျောင်းများ ရှိသော်လည်း ယခု ဖွင့်လှစ်မည့် ကျောင်းသည် အထက် မြန်မာပြည် ၏ ပထမဦးဆုံးသော အခမဲ့ ပညာသင် ကျောင်းဖြစ်ပြီး မသန်စွမ်း အုပ်စု လေးမျိုးမှ ဉာဏ်ရည် မသန်စွမ်း ကလေးငယ်များ စာဖတ်တတ် လာ စေရန်နှင့် မိမိဘာသာ ရပ်တည်နိုင် စေရန်ကို ရည်ရွယ်၍ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဟု သိရသည်။

မသန်စွမ်း ကလေးများ အခမဲ့ပညာ သင်ကျောင်းကို ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ် မည်ဖြစ်ကာ ကျောင်းသားများ ကျောင်းအပ် လက်ခံပေး မှုကို ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ တွင် လက်ခံမည် ဖြစ်ပြီး ကျောင်းသားဦးရေ ၁၅ဝ ခန့် လက်ခံသင်ကြား ပေးသွားမည် ဖြစ်သည်။ ကျောင်းဖွင့်လှစ်မည့် အိုးဘိုပရဟိတ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းကို ၁၉၉၅ ခုနှစ်က စတင်ဖွင့်လှစ် ခဲ့ပြီး ယခု ပညာသင်နှစ်တွင် ရှင်သာမဏေ အပါးတစ်ရာ ကျော် အပါအဝင် ကျောင်းသား လေးရာကျော်ကို ကျောင်းပညာ သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်

No comments:

Post a Comment