Pages

Wednesday, November 4, 2015

ကမ္ဘာလှည့် ခရီးသွားဧည့်သည် တိုးတက်များပြား လာသောကြောင့် ဒေသအလိုက်ဧည့်လမ်းညွှန် လုပ်ငန်းများပိုမို လိုအပ်လာ


မန္တလေး ၊ ၄-၁၁-၂၀၁၅

မြန်မာနိုင်ငံအနှံ့ ထင်ရှားသည့် သဘာဝ ပတ်ဝန်းကျင် ရှုခင်းအလှအပများ၊ ရှေးဟောင်း ယဉ်ကျေးမှု အနုပညာလက်ရာ များနှင့် ပြည်နယ် အသီးသီးရှိ တိုင်းရင်းသား ရိုးရာပေါင်းစုံ၏ ရိုးရာဓလေ့နှင့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာ နေထိုင်မှုများ၊ ဇီဝမျိုးကွဲများ ပေါက်ပွား စုံလင်သည့် သဘာဝ ရင်း မြစ်များ ပေါကြွယ်မှုကို သိရှိလေ့လာ လိုသဖြင့် လာရောက် လည်ပတ်လျက် ရှိသည့် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်မှာ လျော့ကျသည် မရှိဘဲ ပိုမိုတိုးတက် များပြား လာသော ကြောင့် သက်ဆိုင်ရာ ဒေသများ အလိုက် ဧည့်လမ်းညွှန် လုပ်ငန်းသည် မရှိမဖြစ် ပိုမိုအရေးပါ လာပြီး လိုအပ်လာကြောင်း ရှမ်းပြည်နယ်ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူ ထံမှသိရသည်။

''နယ်စပ်ဝင်ပေါက် များတဲ့ ကျွန်တော်တို့ ရှမ်းပြည်နယ်မှာ ကျွမ်းကျင်တဲ့ ဧည့်လမ်းညွှန်တွေ ပိုမိုလိုအပ် ပါတယ်။ ဒါကြောင့်လဲ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနက ဧည့်လမ်းညွှန် အခြေခံသင်တန်း တွေကို ၁၉၉၂ ခုနှစ်ကစပြီး ဒီနေ့ထိဖွင့်လှစ် ပေးခဲ့ပါတယ်။အခုဆို ကျွန်တော်တို့ ရှမ်းပြည်နယ် အပါအဝင် ဧည့်လမ်းညွှန် စုစုပေါင်း ၈၅၇၅ ယောက် မွေးထုတ်ပေးပြီး ဖြစ်ပါတယ်။ ဒေသဆိုင်ရာ အခြေခံ ဧည့်လမ်းညွှန် သင်တန်းတွေ ကိုလဲ တိုင်းဒေသကြီး တွေနဲ့ပြည်နယ် တွေမှဖွင့်လှစ်ပို့ချ ခဲ့တာ အခုဆို ၁၄ဝ၅ ယောက်ရှိပြီး ဖြစ်ပါတယ်'' ဟု အဆိုပါ တာဝန်ရှိသူက ပြောပြသည်။

လက်ရှိကာလ၌ မြန်မာနိုင်ငံသည် နိုင်ငံတကာမှ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ အတွက် ဆွဲဆောင်မှု အရှိဆုံး ခရီးစဉ်ဒေသ တစ်ခုအဖြစ် ရှိနေပြီး နိုင်ငံတကာမှ ပြည်ပခရီးသည် ဝင်ရောက်မှုမှာ တစ်နှစ်ထက် တစ်နှစ်ပိုမို တိုးတက်လျက် ရှိကြောင်း၊ စာရင်းဇယားများ အရ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင် ၁၈ သိန်းကျော်၊ ၂ဝ၁၃ ခုနှစ်တွင် ၂ သန်းကျော် ဝင်ရောက်ခဲ့ပြီး တိုးတက်မှု အားဖြင့် ၉၃ ဒသမ ဝ၄ ရာခိုင်နှုန်း ၂ဝ၁၄ ခုနှစ်တွင် ၃ ဒသမ ဝ၈ သန်းဖြင့် တိုးတက်မှု ၅၁ ရာခိုင်နှုန်း ရှိခဲ့ရာမှ လက်ရှိယခုနှစ်တွင် နိုင်ငံတကာမှ ပြည်ပ ခရီးသည် ငါးသန်းခန့် ဝင်ရောက်ရန် မျှော်မှန်း ထားကြောင်း သိရသည်။

ရတနာပုံနေ့စဉ်

No comments:

Post a Comment