Pages

Wednesday, November 4, 2015

ဟိုတယ်နှင့်ခရီးသွား စီမံခန့်ခွဲမှု ဘာသာရပ် ဘွဲ့ကြိုဘွဲ့လွန်တန်း တက်ရောက်မည့် ကျောင်းသားတိုင်းအား ပညာသင်စရိတ် ပေးအပ်သွားမည်


ရန်ကုန် ၊ ၄-၁၁-၂၀၁၅

ဆွစ်ဇာလန် နိုင်ငံရှိ Hotel and Tourism Management (HTMi) ကျောင်း၌ ဟိုတယ်နှင့် ခရီးသွား စီမံခန့်ခွဲမှု ဘာသာရပ် ဘွဲ့ကြို၊ ဘွဲ့လွန်တန်း တက်ရောက်မည့် ကျောင်းသားတိုင်းအား ပညာသင်စရိတ် ပေးအပ်သွားမည် ဖြစ်ကြောင်း Crown Education မှ သိရသည်။

''ဆွစ်ဇာလန် နိုင်ငံဟာ ဥရောပရဲ့ ခရီးသွားလုပ်ငန်း အဖွံ့ဖြိုးဆုံး နိုင်ငံတစ်ခုပါ။ အဲဒီက HTMi ကျောင်းမှာ လုပ်ငန်းခွင် လက်တွေ့အနေနဲ့ ဘွဲ့ကြို၊ ဘွဲ့လွန်တန်း တွေကို တက်ရောက်မယ့် ကျောင်းသားတိုင်း၊ သင်ကြားမယ့် ဘာသာရပ်တိုင်း အတွက် ပညာသင်စရိတ် တွေကို ဆွစ်ဖရန့်ငွေ ၂ဝဝဝ ပေးသွားမှာပါ'' ဟု Crown Education မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ပညာသင်စရိတ် ကို ကျောင်းသားဦးရေ ကန့်သတ်ထားခြင်း မရှိဘဲ ဇန်နဝါရီလတွင် ဖွင့်လှစ်မည့် အတန်းအတွက် တက်ရောက်မည့် ကျောင်းသားတိုင်းကို ပေးအပ်မည် ဖြစ်သည်။ မြန်မာနိုင်ငံရှိ ကျောင်းသား၊
ကျောင်းသူများ အနေဖြင့် မိမိတို့ ပညာ အရည်အချင်း အလိုက် ဒီပလိုမာတန်း၊ Certificate ၊ ဘွဲ့ဒီဂရီနှင့် မာစတာ ပရိုပရမ်များ ကို သင်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ HTMi ကျောင်းသည် University of Ulster နှင့် Edinburgh Napier University တို့ ပူးပေါင်း ချိတ်ဆက်ထားသည့် ဆွစ်ဇာလန် နိုင်ငံ၏ တစ်ခုတည်းသော ကျောင်းဖြစ်ပြီး စာသင်နှစ် တိုင်းတွင် စာတွေ့ ခြောက်လနှင့် ဆွစ်ဇာလန်နိုင်ငံရှိ ဟိုတယ်များ၌ လစာဖြင့် အလုပ်သင် ခြောက်လ လုပ်ငန်းခွင် လက်တွေ့ လုပ်ကိုင်ခွင့် သင်တန်း အစီအစဉ်များ ပါရှိကြောင်း သိရသည်။

ထို့ပြင် အဆိုပါ ကျောင်းမှ ဘွဲ့ရရှိသူ များကို ကမ္ဘာ့ထိပ်တန်း ဟိုတယ်အုပ်စု များမှ ခေါ်ယူအလုပ် ခန့်အပ်လေ့ ရှိကြောင်း သိရသည်။ (လင်းသူ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

No comments:

Post a Comment