Pages

Friday, October 9, 2015

အပစ်ရပ်စာချုပ်အား RCSS အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့မှ လက်မှတ် ရေးထိုးမည်


ရန်ကုန် ၊ ၉-၁၀-၂၀၁၅

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အား ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့မှ လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) တို့အကြား (NCA) လက်မှတ်ရေးထိုး နိုင်ရေးအတွက် ဒုတိယ အကြိမ်မြောက် အကြိုညှိနှိုင်း အစည်းအဝေး ပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း က အဖွင့်နှုတ်ခွန်းဆက် စကား ပြောကြားစဉ် ယင်းကဲ့သို့ ထည့်သွင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

UPWC နှင့် EAOs တို့၏ ဒုတိယ အကြိမ်မြောက် အကြိုညှိနှိုင်း အစည်းအဝေး ပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟို ဌာန (MPC) ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့ အစည်းအဝေးတွင် အောက်တိုဘာ ၄ ရက်က ပြုလုပ်ခဲ့သည့် ပထမအကြိမ် ဆွေးနွေးပွဲမှ အစည်းအဝေး ဆုံးဖြတ်ချက် များကို အတည်ပြုပြီး ဆုံးဖြတ်ချက် ပေးရန် လိုသည့် အချက်များကို ညှိနှိုင်း ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် လက်မှတ် ရေးထိုးပွဲ ကျင်းပနိုင်ရေး အတွက် ပူးတွဲကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းခြင်း၊ ပူးတွဲ ကျင်းပရေး ကော်မတီ လုပ်ငန်းများ ဆွေးနွေးခြင်း၊ NCA စာချုပ် လက်မှတ် ရေးထိုးမည့် တိုင်းရင်းသား ခေါင်းဆောင် အမည်များ အတည်ပြုခြင်း၊ ပြည်တွင်း အသိသက်သေ စာရင်း အတည်ပြုခြင်း၊ လက်မှတ် ရေးထိုးပွဲ ဖိတ်စာ အတည်ပြုခြင်း နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များမှ ဖိတ်ကြားမည့် ဧည့်သည် စာရင်းအား အတည်ပြုခြင်း များ ပြုလုပ်ခဲ့ ကြကြောင်း သိရသည်။

လက်ရှိတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - ငြိမ်းချမ်းရေး ကောင်စီ (KNLA- PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO) ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၊ ချင်းအမျိုးသား တပ်ဦး (CNF) ၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) နှင့် ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) တို့မှ အောက်တိုဘာ ၁၅ ရက်တွင် CNA စာချုပ်အား လက်မှတ်ရေးထိုး ကြမည် ဖြစ်သည်။

ရဲခေါင်ညွန့် ၊ မြတ်သန္တာမောင်

မြ၀တီနေ့စဉ် ၊ စာ(၁)

#Themyawadydaily

No comments:

Post a Comment