Pages

Friday, October 9, 2015

ရွှေတိဂုံပုံတော်တူ စေတီသုံးဆူအား အောက်တိုဘာ ၁၁ ရက်တွင် ရွှေတိဂုံစေတီတော်ရင်ပြင် သို့ ပင့်ဆောင်၍ ရင်ငွေ့လှုံပူဇော်မည်



ပူတာအို ၊ ၉-၁၀-၂၀၁၅

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန် မြို့နယ်နှင့် ပန်နန်းဒင် မြို့နယ်ခွဲရှိ ခါကာဘိုရာဇီ တောင်ခြေ တိဗက်ကျေးရွာ သုံးရွာ၌ ရွှေတိဂုံ ပုံတော်တူ စေတီသုံးဆူ တည်ထား ကိုးကွယ်မည် ဖြစ်ပြီး လှူဒါန်းမည့် ဗုဒ္ဓ ရုပ်ပွားတော် များအား အောက်တိုဘာ ၁၁ ရက်တွင် ရွှေတိဂုံ စေတီတော် ရင်ပြင်သို့ ပင့်ဆောင်၍ ရင်ငွေ့လှုံ ပူဇော်မည် ဖြစ်ကြောင်း သိရသည်။

ခါကာဘိုရာဇီ တောင်ခြေရှိ တအွန်ဒမ်း၊ ဂူဘား နှင့် မဒိန်းကျေးရွာ သုံးရွာ၌ တည်ထားမည့် ရွှေတိဂုံ ပုံတော်တူ ရွှေရောင်စတီး စေတီသုံးဆူ၊ စေတီတော် ဂန္ဓကုဋီတိုက် များတွင် သီတင်းသုံးမည့် ကြေးဆင်းတု တော်များ၊ ဌာပနာပစ္စည်း များနှင့် တိဗက် ဗုဒ္ဓဘာသာဝင် အိမ်များအတွက် လှူဒါန်းမည့် ဗုဒ္ဓ ရုပ်ပွားတော် များကို လက်ရှိတွင် ကြည့်မြင်တိုင် တက္ကသိုလ်များ ဓမ္မာရုံ၌ ပင့်ဆောင် ပူဇော်ထားကြောင်း တက္ကသိုလ် ခြေလျင်နှင့် တောင်တက် အသင်း၊ သဘာဝခေါ်သံ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမျိုးသန့် က ပြောသည်။

အဆိုပါ စေတီတော် သုံးဆူမှာ တစ်ဆူလျှင် အကျယ် ၆ ပေနှင့် အမြင့် ၁၅ ပေခန့်ရှိပြီး တခြား ရုပ်ပွားတော် များနှင့်အတူ ပွင့်လင်းရာသီ ဖြစ်သည့် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလတွင် သွားရောက် ပင့်ဆောင် ပူဇော်မည် ဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓ ရုပ်ပွားတော် များအား ပူတာအိုသို့ ပင့်ဆောင်၍ ပူတာအိုမှ တစ်ဆင့်မိုင် ၁၇ဝ ခန့် ကွာဝေးသည့် မြန်မာနိုင်ငံ ပိုင်နက်ရှိ တိဗက်ကျေးရွာ များသို့ ကျော်ဖြတ်၍ ဒေသခံ ပြည်သူများနှင့် ခြေလျင် တောင်တက် အသင်းဝင် ၁၅ ဦးက ပင့်ဆောင် ပူဇော်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment