Pages

Monday, October 12, 2015

မင်းကွန်းဒေသ ဧည့်ဝင်ကြေးကို ယခုလမှစတင်၍ တိုးမြှင့်ကောက်ခံ



အမရပူရ ၊ ၁၂-၁၀-၂၀၁၅

မြန်မာနိုင်ငံ၏ ဘုရားဖူး ခရီးစဉ်များတွင် အဓိကခရီးစဉ် အဖြစ် ပါဝင်နေသည့် မင်းကွန်း ဧည့်ဝင်ကြေးကို ယခု အောက်တိုဘာ လမှစတင်၍ တိုးမြင့် ကောက်ခံမည် ဖြစ်ကြောင်း ဘုရားဖူး ခရီးသွား လုပ်ငန်း သတင်းများ အရ သိရသည်။

မင်းကွန်း ဒေသသည် ပြည်တွင်း ဘုရားဖူး ခရီးစဉ်များတွင် သာမကဘဲ ပြည်ပဘုရားဖူး ခရီးစဉ်များ တွင်လည်း အဓိကခရီးစဉ် တစ်ခုဖြစ်သည်။ မင်းကွန်း ပုထိုးတော်ကြီးနှင့် မင်းကွန်း ခေါင်းလောင်း စသည်တို့မှာ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ အတွက် စိတ်ဝင်စားဖွယ် ဖြစ်နေသလို ဘုရားဖူး ခရီးသွား လုပ်ငန်းများ အတွက်လည်း ခရီးသည်များကို ဆွဲဆောင်သည့် နေရာဒေသများ ဖြစ်သည်။

ထို့ကြောင့် နှစ်စဉ် နွေရောမိုးပါ ခရီးသည်များ မပြတ် လာရောက် လည်ပတ် နေသည့် နေရာဒေသများ ဖြစ်သည်။ အဆိုပါ မင်းကွန်းဒေသ သို့ လာရောက် လေ့လာလည်ပတ် နေသည့် နိုင်ငံတကာ ခရီးသွား ဧည့်သည်များကို ဇုန်ဝင်ကြေးများ ကောက်ခံလျက် ရှိရာ အဆိုပါ ဇုန်ဝင်ကြေး ကောက်ခံမှု များကို ယခုလမှ စတင်၍ တိုးမြှင့် ကောက်ခံလျက် ရှိကြောင်း သိရသည်။

နိုင်ငံတကာ ခရီးသွား ဧည့်သည်များ အတွက် မင်းကွန်းဒေသ ဇုန်ဝင်ကြေး များကို ယခင်က နိုင်ငံခြား ခရီးသွား ဧည့်သည် တစ်ဦးလျှင် မြန်မာကျပ်ငွေ သုံးထောင် ကောက်ခံလျက် ရှိရာ ယခု အောက်တိုဘာလ ၁ ရက်မှ စတင်၍ မြန်မာကျပ်ငွေ ငါးထောင်ကျပ်သို့ တိုးမြှင့်ကောက်ခံ သွားမည် ဖြစ်သည်။ အဆိုပါ မင်းကွန်း ဒေသဇုန် ဧည့်ဝင်ကြေး တိုးမြှင့် ကောက်ခံမှုကို အများပြည်သူ သိရှိစေရန် မင်းကွန်း ခေါင်းလောင်း၊ ခြင်္သေ့ကြီး၊ မင်းကွန်း ပုထိုးတော်ကြီး တို့တွင် ဗီနိုင်းများနှင့် ကပ်ထားသည် ဟု ဆိုသည်။ မင်းကွန်းဒေသ ဧည့်ဝင်ကြေး တိုးမြှင့် ကောက်သည့် အကြောင်းကို ခရီးသွား ဧည့်သည်များနှင့် ဧည့်လမ်းညွှန်များ ကြိုတင်သိရှိနိုင် စေရန်အတွက် လွန်ခဲ့သည့် တစ်လလောက် ကတည်းက လူသိများသည့် နေရာများတွင် ဗီနိုင်း ကပ်ထားကြောင်း သိရသည်။

အဆိုပါ ဧည့်ဝင်ကြေးကို နိုင်ငံတော် ဘဏ္ဍာနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် အသုံးပြု သွားမည်ဖြစ်ပြီး အဓိကအားဖြင့် မြန်မာ့ခရီးသွား လုပ်ငန်း မြှင့်တင်ခြင်း ၊ ဇုန် သန့်ရှင်းလှပရေး နှင့် ရှေးဟောင်း အမွေအနှစ်များ ပြုပြင် ထိန်းသိမ်းရေး အတွက် အသုံးပြု သွားမည် ဖြစ်သည်။ မင်းကွန်းဒေသ ဧည့်ဝင်ကြေး ကောက်ခံမှုကို ယခုနှစ်မှ စတင်ကာ ယဉ်ကျေးမှု ဝန်ကြီးဌာနမှ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရ အဖွဲ့သို့ လွှဲအပ်ခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပုဂ္ဂလိက လုပ်ငန်းများကို တင်ဒါခေါ်ယူ လုပ်ကိုင် ဆောင်ရွက်ခဲ့သည်။ တင်ဒါ အောင်မြင်သူ ပုဂ္ဂလိက လုပ်ငန်းများ အနေဖြင့် ယခုနှစ် အောက်တိုဘာလ ၁ ရက်မှစတင်၍ ၂ဝ၁၆ ခုနှစ် မတ်လ ၃၁ ရက်ထိ လုပ်ကိုင်ခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၇)

#Yadanarpondaily

No comments:

Post a Comment