Pages

Thursday, October 22, 2015

ယာဉ်ရပ်နားကွင်း အသစ်လေးကွင်း ပါဝင်မည့် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော် အတွက် မီးပုံးပျံကွင်း ပြင်ဆင်မှုများ ယခုလကုန်ပိုင်းတွင် ပြီးစီးမည်



ပြင်ဦးလွင် ၊ ၂၂-၁ဝ-၂ဝ၁၅

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင် မြို့နယ်တွင် ကျင်းပမည့် ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော်အတွက် မီးပုံးပျံကွင်းကို ပြင်ဆင်မှုများ ဆောင်ရွက်လျက် ရှိရာ ယခု လကုန်ပိုင်းတွင် ပြီးစီးမည်ဖြစ်ပြီး ယာဉ်ရပ်နားကွင်း အသစ်လေးကွင်း ပါဝင်လာမည် ဖြစ်ကြောင်း ပြိုင်ပွဲ ကျင်းပရေး ကော်မတီမှ သိရသည်။

ယခုနှစ်တွင် မီးပုံးပျံ ပြိုင်ပွဲ ကျင်းပမည့်ကွင်းကို ရေမဝပ်စေရန် ရေနုတ်မြောင်းများ နှင့် ကွင်းအတွင်း ကွန်ကရစ် ခင်းခြင်းများ၊ ပွဲကြည့်စင် အသစ် ဆောက်လုပ်ခြင်း များကို ပြုလုပ် ဆောင်ရွက်နေပြီး ယာဉ်ရပ်နားကွင်း
အသစ်လေးကွင်း အပါအဝင် စုစုပေါင်း ယာဉ်ရပ်နားကွင်း ခုနစ်ကွင်း ရှိမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲ ကျင်းပနေစဉ် တွင် ကွင်းအတွင်း ပရိသတ်များ ဝင်ရောက်မှု မရှိအောင် သံပန်း၊ သံဆန်ခါများ တပ်ဆင် သွားမည် ဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော်ကို နိုဝင်ဘာ ၂၃ ရက်မှ ၂၇ ရက်အထိ ပြင်ဦးလွင် မဟာ အံ့ထူးကံသာ ဘုရားအနီးရှိ မီးပုံးပျံကွင်းတွင် (၁၁) ကြိမ်မြောက် အဖြစ် ငါးရက်တိုင်တိုင် ကျင်းပသွားမည် ဖြစ်သည်။ ထို့အပြင် နေ့၊ ည မီးပုံးပျံပြိုင်ပွဲ များတွင် ယမန်နှစ်များ နည်းတူ ဆုကြေးငွေ များကို ပေးအပ် ချီးမြှင့်သွားမည် ဖြစ်သည်။

မီးပုံးပျံများ အတွက် ယမ်းပိဿာချိန် သတ်မှတ်ချက် ကိုလည်း ယခင်နှစ်များ နည်းတူ ပိဿာချိန် လေးဆယ် သတ်မှတ်ထားပြီး ယမ်းပိဿာချိန် တိုးမြှင့်ပေးရန် တောင်းဆိုမှုများ ရှိသော်လည်း ပြိုင်ပွဲသို့ လာရောက်မည့် ပရိသတ်များ နှင့် ပြိုင်ပွဲ ယှဉ်ပြိုင်သူများ အန္တရာယ် ကျရောက်မှု မဖြစ်ပွား စေရန် တိုးမြှင့် သတ်မှတ်ပေးမည် မဟုတ်ဘဲ လက်ရှိ သတ်မှတ် ထားသည့် ယမ်းပိဿာချိန် လေးဆယ်ဖြင့်သာ လွှတ်တင် စေမည်ဖြစ်သည်။

လက်ရှိတွင် ညမီးကျည် ပြိုင်ပွဲအတွက် မီးပုံးပျံ ၁၄ လုံးခန့်နှင့် စိန်နားပန် ပြိုင်ပွဲအတွက် ၁၆ လုံးခန့် စာရင်းပေး ထားကာ ယမန်နှစ်က နေ့၊ ည မီးပုံးပျံအလှ ပြိုင်ပွဲများတွင် ပြိုင်ပွဲဝင် ၁ဝဝ ကျော်ရှိခဲ့ပြီး ပရိသတ် သိန်းချီ လာရောက် အားပေးမှု ရှိခဲ့ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment