Pages

Thursday, October 8, 2015

တာလီဘန်တို့က အာဖဂန်နစ္စတန်၏ ကွန်ဒူ့စ်မြို့ကိုသိမ်းပိုက်ကာ အမေရိကန်တို့အား သွေးတိုးစမ်း လိုက်ခြင်း


တာလီဘန်တို့ သိမ်းပိုက် လိုက်သော အာဖဂန်နစ္စတန် နိုင်ငံ၏ ကွန်ဒူ့စ်မြို့ကို အမေရိကန်တပ် က လေကြောင်းဖြင့် ချေမှုန်းခဲ့သည်။ ပင်တဂွန်က တာလီဘန်တို့ သိမ်းပိုက်ခြင်းကို အနှောင့်အယှက် တစ်ခုဟု ပြောဆိုခဲ့ပြီး အာဖဂန်နစ္စတန် လုံခြုံရေး တပ်ဖွဲ့များ အားလုံး ယုံကြည်မှု ရှိကြောင်း ဖော်ပြ လိုက်သည်။

အာဖဂန်နစ္စတန် တပ်များသည် မြောက်ပိုင်းမြို့ကြီး ဖြစ်သော ကွန်ဒူ့စ်မှ တာလီဘန် တို့ကို မောင်းထုတ်ရန် ကြိုးပမ်းသည့် အနေဖြင့် တန်ပြန်ထိုးစစ် ဆင်ခဲ့သည်။ အမေရိကန် တပ်များ ပါဝင် တိုက်ခိုက်ခြင်းကို အကြီးအကျယ် ကန့်သတ် ထားသည့် အမေရိကန် ပြည်ထောင်စု၏ စစ်နည်းဗျူဟာ စမ်းသပ်မှု တစ်ခုပင် ဖြစ်သည်။ အမေရိကန် စစ်လေယာဉ် များသည် မြို့၏ လေဆိပ်အနီးတွင် လေကြောင်း ချေမှုန်းရေးကို အကြိမ်ပေါင်း များစွာ ပြုလုပ်ခဲ့သည်။ ညွန့်ပေါင်း တပ်ဖွဲ့သည် အာဖဂန်နစ္စတန် တပ်များကို ထောက်လှမ်းရေး နှင့် ဝေဟင် ထောက်လှမ်းရေး အကူအညီများ ပေးခဲ့သည်။

တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွား၍ အာဖဂန်နစ္စတန် သမ္မတ အက်ရှ်ရက်ဖ်ဂါနီ က အာဖဂန်နစ္စတန် တပ်များသည် အစိုးရ အဆောက်အအုံ တချို့ကို ပြန်လည် သိမ်းပိုက် ရရှိကြောင်း ပြောသည်။ ကွန်ဒူ့စ်မြို့ကြီးကို ပြန်လည် သိမ်းရန် တိုးတက်မှုများ ရရှိနေကြောင်း၊ သို့သော် တာလီဘန် တို့က အရပ်သား တို့အား လူသားဒိုင်း အဖြစ် အသုံးချ နေသဖြင့် နှောင့်နှေးရခြင်း ဖြစ်ကြောင်း BBC သတင်းဌာန ကပြောသည်။ တာလီဘန်တို့က လူနေအိမ် များတွင် နေရာယူထားကြောင်း အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့ စစ်ဌာနချုပ် ကာဘူးလ်မှ ပြည်သူ့ရေးရာ ဒါရိုက်တာ ကြည်းတပ် ဗိုလ်မှူးကြီး ဘရိုင်ယင် ထရီဘတ်စ် က ပြောသည်။ အာဖဂန်နစ္စတန် အစိုးရတွင် မြို့ကိုသိမ်းရန် တပ်များ ထောင်နှင့်ချီ ရှိသည်။ ''သူတို့ တာလီဘန်တွေကို အနိုင်ရရှိမှာပါ။ မြို့ကို ထိန်းချုပ် နိုင်မှာပါ'' ဟု ပင်တဂွန်မှ ပြန်ကြားရေး အတွင်းဝန် ပီတာကွတ် က ပြောသည်။

သို့သော် အာဖဂန်နစ္စတန် အစိုးရတပ် များသည် သူပုန်များကို မြို့မှမောင်းထုတ် ရာတွင် အပြင်းအထန် တွန်းလှန်မှုနှင့် တွေ့ကြုံနေရ သဖြင့် အတော်ကြိုးစား နေရသည်။ တာလီဘန်တို့ အနေဖြင့် ကွန်ဒူ့စ်မြို့ ကြီးကို သိမ်းပိုက် နိုင်ခြင်းသည် ၂ဝဝ၁ ခုနှစ်တွင် အမေရိကန် တပ်များက အစ္စလာမ်မစ် အဖွဲ့ကို အာဏာလက်လွတ် သွားစေရန် လုပ်ပြီးနောက်ပိုင်း အကြီးကျယ်ဆုံး အောင်ပွဲဖြစ်သည်။

မြောက်ပိုင်းတွင် အဓိက ကူးသန်း ရောင်းဝယ်ရေး မြို့ကြီးတစ်မြို့ကို သိမ်းပိုက်နိုင် ခြင်းအား အမေရိကန်တို့ အာဖဂန်နစ္စတန်မှ ပြန်လည် ဆုတ်ခွာရေး စီမံချက်များနှင့် အီရတ်နှင့် ယှဉ်၍ မေးစရာ ဖြစ်ခဲ့သည်။ ၂ဝ၁၁ ခုနှစ် အမေရိကန်တပ်များ ဆုတ်ခွာပြီးနောက် အကြမ်းဖက် ဆူပူမှုများ ထကြွ လာခဲ့သည်။ ယခင်နှစ်က ISIS စစ်သွေးကြွ တို့သည် အီရတ်နိုင်ငံ ထဲသို့ ချီတက်ဝင်ရောက် ခဲ့ပြီး မြို့ကြီး အတော်များများကို ထိန်းချုပ် ထားခဲ့ရာ တွန်းလှန်မှု မရှိသလောက် နှင့် အလွယ်တကူ သိမ်းနိုင်ခဲ့သည်။

ကွန်ဒူ့စ်က ထောက်ပြ နေသည်မှာ အမေရိကန် တပ်များအား အာဖဂန်နစ္စတန်မှ ထွက်ခွာလျှင် တာလီဘန် တို့အား အဓိက မြို့ကြီးများကို တိုးချဲ့သိမ်းပိုက်ရန် စစ်နည်းဗျူဟာ ပေးထားသကဲ့သို့ ဖြစ်ပေမည်။ ယခုဆိုလျှင် အာဖဂန်နစ္စတန် တွင် အမေရိကန် တပ်အင်အား ၁ဝဝဝဝ အောက်သာ ရှိပြီး အများစုမှာ အကြံပေးနှင့် အကူတပ် များသာဖြစ်သည်။ အိုဘားမား အစိုးရ၏ လက်ရှိ အစီအစဉ်သည် နောက်နှစ် ကုန်လျှင် တပ်အများစု ဆုတ်ခွာသွား စေ၍ နေတိုး၏ တပ်များသာ ကျန်ခဲ့မည် ဖြစ်သည်။ ယင်းတပ်များအား ချန်ထားခဲ့မည့် အခြေအနေကို ဆုံးဖြတ်ရခြင်း မရှိသေးပေ။

အာဖဂန်အစိုးရ အနေဖြင့် အီရတ်နှင့် မတူဘဲ အမေရိကန်တပ်များ ၂ဝ၁၁ ခုနှစ် နောက်ပိုင်း ကျန်နေခွင့်ပြုရန် ဥပဒေအရ ကာကွယ် စောင့်ရှောက်မှု မပေးနိုင်ချေ။ အာဖဂန်နစ္စတန် အစိုးရက အမေရိကန်တို့ကို ဆက်နေစေလိုသည်ဟု ဆက်သ်ဂျုံးစ် က ပြောသည်။ ညွန့်ပေါင်းတပ်ဖွဲ့ များသည် အခြေခံ စစ်စခန်းဌာနချုပ် ၌သာ နေရန် ကန့်သတ်ထား သဖြင့် အကြံပေးများက အာဖဂန်နစ္စတန် တိုက်ခိုက်ရေး တပ်များနှင့် စစ်မြေပြင် တိုက်ပွဲများသို့ အတူလိုက်ပါ၍ မရချေ။ ညွန့်ပေါင်း တပ်ဖွဲ့၏ လေကြောင်း ပစ်ကူများ မရှိတော့ခြင်းသည် အာဖဂန်နစ္စတန် တပ်များအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်သည်။ နှစ်နှင့်ချီ၍ အမေရိကန် လေယာဉ်များကို အားကိုးပြီး သတိပေးခြင်း၊ ပစ်ခတ်မှု ထိန်းချုပ်ခြင်း၊ ပစ်ကူပေးခြင်း များကို မည်သည့် အကွာအဝေးတွင် ဖြစ်စေ လုပ်ပေးခဲ့သည်။ ညွန့်ပေါင်း တပ်ဖွဲ့၏ လေယာဉ်များသည် အာဖဂန်နစ္စတန် တပ်များကို လျင်မြန်စွာ လှုပ်ရှားချီတက် တိုက်ခိုက် စေခဲ့သည်။

လက်ရှိ မူဝါဒအရ ညွန့်ပေါင်းတပ်ဖွဲ့ လေကြောင်း ပစ်ကူကို ယေဘုယျ ကန့်သတ်၍ ညွန့်ပေါင်းတပ်များ သို့မဟုတ် အစိုးရကို ကာကွယ် စောင့်ရှောက်ရန်သာ အဓိကထား၍ လုံခြုံရေး ဦးစားပေး နေရသည်။ ညွန့်ပေါင်းတပ်ဖွဲ့၏ လေကြောင်း ချေမှုန်းရေး များကို ကွန်ဒူ့စ်မြို့လယ် ၌ အင်အားသုံး ကာကွယ် စောင့်ရှောက် နေကြောင်း ထရိုင်ဘတ်စ် က ပြောသည်။ ညွန့်ပေါင်းအဖွဲ့၏ အကြံပေး များသည် ကွန်ဒူ့စ် နယ်မြေတွင် အာဖဂန်နစ္စတန် တပ်များကို အကြံပေးခြင်း၊ အကူအညီ ပေးခြင်းများ လုပ်ဆောင်လျက် ရှိသည်။

တာလီဘန်များက ကွန်ဒူ့စ် လေဆိပ်ကို သိမ်းပိုက်ရန် ကြိုးစားလျက် ရှိရာ ၈ဝ ရာခိုင်နှုန်းကို သူတို့ ထိန်းချုပ်ထားသည်။ သမ္မတ အက်ရှ်ရက်ဖ်ဂါနီ က '' မြို့ကို ပြန်သိမ်းမယ်။ အာဖဂန်နစ္စတန် တပ်တွေ သူတို့ အလုပ်ကို ယုံကြည်ကြပါ။ အမေရိကန် လေကြောင်းပစ်ကူ နဲ့ တန်ပြန်ထိုးစစ် စနေပြီ။ ပြန်သိမ်း နိုင်တော့မယ်'' ဟု ပြောကြား သွားသည်။ ကာကွယ်ရေး ဝန်ကြီးဌာနမှ မြို့အကျဉ်းထောင်နှင့် ပြည်နယ် ရဲဌာနချုပ် တို့ကို ပြန်သိမ်းနိုင်ပြီး မြို့ထဲ၌ တိုက်ပွဲပြင်းထန် ၍ မြို့နေလူများ လျှပ်စစ်မီးမရ၊ ဖုန်းလိုင်းများမရ ဖြစ်နေကြသည်။

ကွန်ဒူ့စ်မြို့ကို တာလီဘန်တို့ ချေမှုန်းရေး လုပ်နေစဉ် ထောင်ကျ အကျဉ်းသား ၆ဝဝ လွတ်သွားရာ တာလီဘန် ၁၄၄ ယောက်ပါသည်။ ခေါင်းဆောင် မူလာ အက္ကဘာမန်စော က မြို့သူမြို့သားနှင့် အာဖဂန်နစ္စတန် အစိုးရကို ကွန်ဒူ့စ်မြို့ ကျ ဆုံးသွားပြီကို ဝန်ခံခိုင်းသည်။ ''ဒီလိုသိမ်းပိုက် အောင်ပွဲခံနိုင်တာ မူဂျာဟစ်ဒင် တွေရဲ့ စွန့်လွှတ်မှုကြောင့် ဖြစ်တယ်။ ကာဘူးလ် အရာရှိတွေ သူတို့ရှုံးတာ ဝန်ခံရမယ်။ ကွန်ဒူ့စ် မြို့သားတွေ မစိုးရိမ်ကြ ပါနဲ့၊ သူတို့ပစ္စည်းပဲ ဆုံးတာ၊ အသက်အိုးအိမ် တွေ ဘာမှမဖြစ်ပါဘူး။ ခါတိုင်း နေသလို နေကြပါ'' ဟု ကြေညာသည်။ နိုင်ငံတကာမှ ကြက်ခြေနီ ဝန်ထမ်းများ၊ ကုလသမဂ္ဂ ဝန်ထမ်းများ ထွက်သွားကြပြီ။ သမ္မတ အက်ရှ်ရက်ဖ်ဂါနီ ၏ သမ္မတ သက်တမ်း တစ်နှစ်တွင် ပြိုကျသွားပြီ။ သူ၏ အာဖဂန်နစ္စတန် ငြိမ်းချမ်းရေး လုပ်ပေးမည့် ကတိမှာ ဘယ်ရောက် သွားသည် မသိတော့ပေ။ 

အာဖဂန်နစ္စတန်တွင် ကွန်ဒူ့စ်မြို့သည် အကြီးဆုံး၊ အချမ်းသာဆုံး မြို့ဖြစ်၍ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် ဆက်သွယ်သော နည်းဗျူဟာ ဖြတ်လမ်း ပေါ်တွင်လည်း ရှိသည်။ တရုတ်နှင့် အလယ် အာရှကြား လမ်းကြောင်း တွင်လည်း ရှိသည်။ ''အခုတော့ မြို့ထဲက လူတွေ မြို့ပြင်ထွက်ဖို့ အလွန် နောက်ကျသွားပြီ။ အစိုးရ အရာရှိတွေ၊ သူတို့ ကိုယ်ရံတော်တွေ လေဆိပ်ကို ပြေးပြီ။ ကွန်ဒူ့စ်အစိုးရ အုပ်ချုပ်ရေးမှူး အိုမာဆာဖီ လည်း ရက်ပိုင်း အနည်းငယ် အတွင်းက ထွက်ပြေးသွားပြီ။ သူ ဘယ်ရောက်နေမှန်း မသိရတော့ပါ '' ဟု တာလီဘန် များက ပြောသည်။

ကွန်ဒူ့စ်မြို့၌ သတ္တုတွင်းများ ပေါများသည်။ တိုက်ပွဲ ဆက်ဖြစ်ပါက ဒဏ်ရာရသူ များပြား လာတော့မည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး မင်းကြီး ဇိုက်ရက်အမ် ဟူစိန် က ပြောသည်။ ကျန်းမာရေး ဝန်ကြီးဌာနမှ ဝါဟိဒူလာ မာယာ က ကွန်ဒူ့စ် ဆေးရုံ၌ ဒဏ်ရာရလူနာ ၁၇၂ ဦးနှင့် လူသေ ၁၆ ဦးအလောင်း ရှိကြောင်း ပြောသည်။ ကွန်ဒူ့စ်ကို ရလိုက်ခြင်းသည် တာလီဘန် တို့အတွက်တော့ ကြီးမားသော နိုင်ငံရေးနှင့် ဝါဒဖြန့်ချိရေး အောင်ပွဲ ဖြစ်ကြောင်း ဘာသာပြန်ဆို ရေးသား လိုက်ရပါသည်။

ကိုကိုဟန်

မြ၀တီနေ့စဉ် ၊ စာ(၂၄)

#Themyawadydaily

No comments:

Post a Comment