Pages

Thursday, October 8, 2015

မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် တွင် ဒီဇင်ဘာလမှစ၍ BE ဘွဲ့ကြိုတန်း စတင် သင်ကြားမည်


မန္တလေး ၊ ၈-၁၀-၂၀၁၅

မန္တလေးခရိုင် ချမ်းမြသာစည် မြို့နယ် ၇၃လမ်း (မင်္ဂလာ မန္တလေး နှင့် မန္တလာသီရိ ဘောလုံးကွင်း အနီး) တွင် တည်ဆောက်လျက် ရှိသည့် မြန်မာသတင်း အချက်အလက် နည်းပညာ တက္ကသိုလ်တွင် ယခုနှစ် ဒီဇင်ဘာလမှ စတင်၍ BE ဘွဲ့ကြိုတန်း စတင်ဖွင့်လှစ် သင်ကြား ပေးသွားမည် ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ တက်ရောက် နိုင်မည်ဟု သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ သိရသည်။

မြန်မာသတင်း အချက်အလက် နည်းပညာ တက္ကသိုလ်ကို အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်ခြင်း ဖြစ်သည်။

အဆိုပါ တက္ကသိုလ်ကို နှစ်နိုင်ငံ ပူးတွဲ ဖွင့်လှစ်ရခြင်းမှာ အိန္ဒိယ နိုင်ငံသည် ယခုအခါ သတင်း အချက်အလက် နည်းပညာ ဆိုင်ရာများတွင် တိုးတက်မှု အရှိန်အဟုန်ကောင်းများ ရရှိနေခြင်းကြောင့် ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံး နိုင်ငံတကာ အဆင့်မီ တက္ကသိုလ် တစ်ခုလည်း ဖြစ်လာမည် ဖြစ်ကြောင်း၊ မြန်မာသတင်း အချက်အလက် နည်းပညာ တက္ကသိုလ် ဖွင့်လှစ်နိုင်ရန် ၂ဝ၁၁ ခုနှစ် အောက်တိုဘာ လတွင် အိန္ဒိယနိုင်ငံနှင့် နားလည်မှု စာချွန်လွှာ MoU လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရသည်။

ယခုဖွင့်လှစ် သင်ကြားပေးမည့် ဘွဲ့ကြိုတန်းများ ဖြစ်သည့် BE (Hons) Computer Sciences and Engineering နှင့် BE (Hons) Electronics and Communication ဘာသာရပ်များကို သင်ကြား ပေးသွားမည်ဖြစ်ပြီး ဝင်ခွင့်ဖြေဆိုမှု များကို နိုဝင်ဘာလတွင် ဖြေဆို ကြရမည် ဖြစ်ကြောင်း၊ အဆိုပါ ဘွဲ့အတွက် ငါးနှစ် တက်ရောက်ရမည် ဖြစ်ပြီး တစ်နှစ်လျှင် Semester နှစ်ခု တက်ရောက်ရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာသတင်း အချက်အလက် နည်းပညာ တက္ကသိုလ် စတင်ဖွင့်လှစ် သည်နှင့် တက္ကသိုလ်၏ တာဝန် ဝတ္တရားများ၊ လုပ်ငန်းဆိုင်ရာ များကို အိန္ဒိယနိုင်ငံမှ ကနဦး ငါးနှစ် တာဝန်ယူ သွားမည်ဖြစ်ပြီး ပထမနှစ်တွင် အိန္ဒိယနိုင်ငံ မှ ဆရာ၊ ဆရာမ ၉ဝ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံ ဘက်မှ ဆရာ၊ ဆရာမ ၁ဝ ရာခိုင်နှုန်းဖြင့် သင်ကြားပေးမည် ဖြစ်ကာ သင်ကြားရေး ကာလ ငါးနှစ်မြောက်တွင် အိန္ဒိယနိုင်ငံမှ ဆရာ၊ ဆရာမ ၂ဝ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံ ဘက်မှ ဆရာ ၊ ဆရာမ ၈၀ ရာခိုင်နှုန်း ဖြင့် သင်ကြား ပေးသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၅)

#Yadanarpondaily

No comments:

Post a Comment