Pages

Friday, October 23, 2015

နိုင်ငံတကာခရီးသွားလာရေးဆိုင်ရာအဖွဲ့အစည်းများ၏အသွားသင့်ဆုံးနေရာများစာရင်းတွင်ခါကာဘိုရာဇီဒေသပါဝင်


ရန်ကုန် ၊ ၂၃-၁၀-၂၀၁၅

မြန်မာနိုင်ငံတွင် သဘာဝနယ်မြေများသို့ ခရီးသွားများ ဝင်ရောက်လေ့လာ အပန်းဖြေလျက် ရှိရာ နိုင်ငံတကာ ခရီးသွားလာရေး ဆိုင်ရာ အဖွဲ့အစည်းများ၏ အသွားသင့်ဆုံး နေရာများ စာရင်းတွင် ခါကာဘိုရာဇီ ဒေသ ပါဝင်ကြောင်း သစ်တောဦးစီးဌာန သတင်းများအရ သိရသည်။

မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ကချင်ပြည်နယ် ရှိ ခါကာဘိုရာဇီဒေသ သည် နောင်မွန်မြို့ အနီးတွင် တည်ရှိပြီး ဆီးနှင်းများ ဖုံးလွှမ်းလျက် သဘာဝရင်းမြစ်များ ပေါကြွယ်ဝရာ ဒေသတစ်ခု ဖြစ်သည်။ အရှေ့ဘက်တွင် တရုတ်နိုင်ငံ၊ မြောက်ဘက်တွင် တိဗက်၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံ တို့က ဝန်းရံပြီး သဘာဝရှားပါး သစ်ခွပန်းများ လည်း ပေါက်ရောက်လျက် ရှိသည်။

ခါကာဘိုရာဇီသို့ သွားရောက်ရသည့် ခရီးသည်လမ်း မရှိဟု ထင်ရအောင် ပိန်းပိတ်နေသော တောများကို တိုးရကြောင်း၊ ရေစီးသန်သော စမ်းချောင်းများ အမြဲစီးဆင်းလျက် ရှိပြီး မြစ်ကျဉ်း မြစ်ရိုင်းများဖြင့် ဖွဲ့စည်းထားသော ဒေသတစ်ခု ဖြစ်ကြောင်း သစ်တော ဦးစီးဌာနမှ လေ့လာသူများ၏ မှတ်တမ်းများအရ သိရသည်။

ခါကာဘိုရာဇီ ဒေသသည် အရှေ့တောင်အာရှ တွင် ရေခဲတောင်များကို ပိုင်ဆိုင်ထားသည့် နေရာတစ်ခု ဖြစ်ပြီး ကမ္ဘာလှည့် ခရီးသည်များ စိတ်ဝင်စားသော နေရာဒေသ တစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

အရှေ့တောင် အာရှတွင် မြန်မာနိုင်ငံ၌သာ တွေ့ရသောကုန်းနေ၊ ရေနေ သတ္တဝါများ၊ အပင်မျိုးစိတ်များ၊ လိပ်ပြာမျိုးစိတ်များ မျိုးသုဉ်းမည့် အန္တရာယ်ရှိသော သတ္တဝါများ နေထိုင် ကျက်စားရာ နေရာဒေသ တစ်ခုလည်း ဖြစ်သည်။

ဟိမဝန္တာဒေသနှင့် တစ်ဆက် တစ်စပ်တည်း တည်ရှိရာဒေသ ဖြစ်ပြီး ရေခဲအိုင်၊ ရေခဲမြစ်များ စီဆင်းရာေ ဒသလည်း ဖြစ်သည်။ ခါကာဘိုရာဇီ ဒေသသည် လူသူ အရောက်အပေါက် နည်းပြီး  ကြမ်းတမ်းမတ်စောက်သည့် ခရီးကြမ်း စိန်ခေါ်မှုများ၊ ပတ်ဝန်းကျင် ဂေဟစနစ်မျိုးစုံ၊ သစ်တောများ၊ တောရိုင်း တိရစ္ဆာန်များ၊ မပျက်စီးသေးသော ဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲ များနှင့် သဘာဝတောတောင် ရေမြေများ ရှိခြင်းကြောင့် ခရီးသွားလာမှု ဆိုင်ရာတွင် အသွားသင့် ဆုံးသော နေရာဒေသ စာရင်း၌ ပါဝင်ကြောင်း သစ်တောဦးစီးဌာန သတင်းများ အရ သိရသည်။

ရတနာပုံနေ့စဉ်

No comments:

Post a Comment