Pages

Friday, October 23, 2015

ပုဂံဒေသကို ပလတ်စတစ်ကင်းမဲ့ဇုန် ဖြစ်ရေးအတွက် ညောင်ဦးခရိုင်အတွင်း စနေနေ့တိုင်း စုပေါင်းသန့ှ်င်းရေး ဆောင်ရွက်နေ


ညောင်ဦး ၊ ၂၃-၁၀-၂၀၁၅

မြန်မာနိုင်ငံ တစ်ဝန်းရှိ ရှေးဟောင်း အမွေအနှစ်များစွာကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေး အတွက် ယဉ်ကျေးမှုဝန်ကြီး ဌာနက ကြိုးစား လုပ်ဆောင်လျက် ရှိသကဲ့သို့ ပုဂံ- ညောင်ဦးဒေသ ကိုလည်း ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်း ဝင်ဖြစ်လာရန် ကြိုးစားလျက် ရှိသည်။

ထို့ကြောင့် အပတ်စဉ် ရုံးပိတ်ရက် စနေနေ့တိုင်းတွင် ညောင်ဦးခရိုင် အတွင်းရှိ ဌာနပေါင်းစုံနှင့် အဖွဲ့အစည်း အသီးသီးတို့က စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိသည်ဟု မန္တလေးတိုင်း ဒေသကြီး ဘဏ္ဍာရေးဝန်ကြီးဌာန မှ သိရသည်။

''အခုအချိန်မှာ နိုင်ငံအတွင်းရှိတဲ့ ရှေးဟောင်း အမွေအနှစ် များစွာကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေး အတွက် ယဉ်ကျေးမှုဝန်ကြီး ဌာနက ကြိုးစားနေတယ် ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ပုဂံ ၊ အင်းဝ ၊ မြောက်ဦးအစရှိတဲ့ ဒေသ ၄၆ ခုကို ယဉ်ကျေးမှု အမွေအနှစ်ဇုန် အဖြစ် သတ်မှတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို ရှေးဟောင်း ယဉ်ကျေးမှုတွေရဲ့ တန်ဖိုးကို ထိန်းသိမ်းမှု တစ်ခုအနေနဲ့ အခုလို ပုဂံဒေသ သန့်ရှင်းသာယာ လှပဖို့၊ ပလတ်စတစ် အမှိုက်ကြောင့် ဖြစ်လာနိုင်မယ့် သဘာဝ ဘေးအန္တရာယ် တွေ မကျရောက်စေဖို့ နဲ့ ပလတ်စတစ် ကင်းမဲ့ဇုန်ဒေသ ဖြစ်လာနိုင် စေဖို့အတွက် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းတွေကို လုပ်ဆောင်တာ ဖြစ်ပါတယ်'' ဟု မန္တလေးတိုင်း ဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ မြင့်ကြူ က ပြောပြသည်။

အပတ်စဉ် စုပေါင်းသန့်ရှင်းရေး လုပ်ရာတွင် ပုဂံမြို့ဟောင်းသွား လမ်းတစ်လျှောက် နှင့် ထီးလိုမင်းလို ဘုရား ၊ စူဠာမဏိဘုရား၊ ဓမ္မရံကြီးဘုရား၊ အာနန္ဒာဘုရား၊ ဗူးဘုရား အလိုတော်ပြည့် ဘုရား အစရှိသည့် ဘုရားစေတီပုထိုး များအနီး ဝန်းကျင်နှင့် ရင်ပြင်၊ ပရိဝုဏ် အတွင်းအပြင်၊ အဆိုပါနေရာ များသို့သွားရာ လမ်းဘေးဝဲ၊ယာများနှင့် အနီးဝန်းကျင်များရှိ ပလတ်စတစ် အမှိုက်များနှင့် အခြားအမှိုက်များ မရှိစေရေးကို ဦးစားပေးကာ ပလတ်စတစ် ကင်းမဲ့ဇုန်အဖြစ် ဆောင်ရွက် နေသည်ဟု သိရသည်။

ပုဂံဒေသကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင်နိုင်ရန် တင်သွင်းရမည့် လုပ်ငန်းစဉ် တစ်ခုဖြစ်သည့် စေတီပုထိုးများ၊ ရှေးဟောင်း အမွေအနှစ်များနှင့် ပတ်သက်သည့် ပျက်စီးမှုများ၊ တည်ဆောက်ခဲ့စဉ် က အတိုင်းရှိ နေဆဲ စေတီပုထိုးများ၊ ပြန်လည် ပြုပြင်မှု ပြုလုပ်ခဲ့သည့် စေတီပုထိုးများနှင့် ရှေးလက်ရာအတိုင်း ကျန်ရှိနေသည့် စေတီပုထိုးများ စသည် ဖြင့် စေတီပုထိုး၊ အမွေအနှစ်ပေါင်း ၃ဝဝဝ ကျော်စာရင်း ကောက်ယူခြင်း များကို မကြာမီ လုပ်ဆောင်သွားမည် ဟု သိရသည်။

ရတနာပုံနေ့စဉ်

No comments:

Post a Comment