Pages

Tuesday, October 20, 2015

မြန်မာနိုင်ငံ၏ ထင်ရှားသော ခရီးသွားဒေသများကို ဈေးကွက်မြှင့်တင်မှုများ ပြုလုပ်ရန် မလေးရှား ဖိလစ်ပိုင် နှင့် ဘရာဇီး နိုင်ငံတို့မှ နိုင်ငံတကာရုပ်သံလိုင်း ၃ ခုတွင် ထုတ်လွှင့် ပြသသွားမည်



ရန်ကုန် ၊ ၂၀-၁၀-၂၀၁၅

ယခုနှစ် ခရီးသွား ရာသီတွင် မြန်မာနိုင်ငံ ၏ ထင်ရှားသော ခရီးသွားဒေသ များကို ဈေးကွက် မြှင့်တင်မှု ပြုလုပ်ရန် မလေးရှား၊ ဖိလစ်ပိုင်နှင့် ဘရာဇီးနိုင်ငံ တို့မှ နိုင်ငံတကာ ရုပ်သံလိုင်း သုံးခုတွင် ထုတ်လွှင့်ပြသ သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ရုပ်သံလိုင်း များတွင် ပြသရန် ရိုက်ကူးရေး အစီအစဉ် များကို မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံ တို့မှ စက်တင်ဘာ လတွင် လာရောက် ရိုက်ကူးခဲ့ပြီး ဘရာဇီးနိုင်ငံမှ အောက်တိုဘာလ အတွင်း လာရောက် ရိုက်ကူးမှုများ ပြုလုပ်ခဲ့ကာ ၄င်းတို့၏ နိုင်ငံပိုင် ရုပ်သံလိုင်းများနှင့် နိုင်ငံတကာ ရုပ်သံလိုင်း များတွင် ထုတ်လွှင့် ပြသမည် ဖြစ်သည်။

ထိုသို့ ပြသရာတွင် မလေးရှား ရုပ်သံလိုင်းမှ လာမည့် Asean Summit မြန်မာ့ခရီးစဉ် ဒေသများကို တခြား အာဆီယံ ခရီးစဉ်များ နှင့်အတူ ထုတ်လွှင့် ပြသမည် ဖြစ်ပြီး ဖိလစ်ပိုင် နှင့် ဘရာဇီးနိုင်ငံ တို့မှာ ယင်းတို့၏ နိုင်ငံတကာ ရုပ်သံလိုင်း များတွင် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာ့ခရီးသွား လုပ်ငန်း အဆင့်မြှင့်တင် နိုင်ရန်နှင့် နိုင်ငံတကာ ခရီးသွား ဧည့်သည်များ ပိုမိုလာရောက် လည်ပတ်နိုင်ရန် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်သည် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ ၌ ခရီးသွား မြှင့်တင်ရေး ကိုယ်စားလှယ် ရုံးခန်းကို ဧပြီ ၉ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ဂျပန်နိုင်ငံ၌လည်း ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကာ တခြား မြန်မာနိုင်ငံ အပေါ် စိတ်ဝင်စားသည့် နိုင်ငံများ၌လည်း ကိုယ်စားလှယ် ရုံးခန်းများ ဖွင့်လှစ် သွားနိုင်ရန် စီစဉ်လျက် ရှိသည်။

မြန်မာနိုင်ငံသို့ ခရီးသွား ဝင်ရောက်မှု နှုန်းမှာ ၂ဝ၁၄ ခုနှစ်က ၃ ဒသမ ၈ သန်းရှိခဲ့ပြီး ယခုနှစ်တွင် ခရီးသွား ငါးသန်းအထိ ဝင်ရောက်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ ခန့်မှန်း ထားကာ စက်တင်ဘာ လကုန်အထိ ခရီးသွား ၃ ဒသမ ၈ သန်း ဝင်ရောက်နေပြီ ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment