Pages

Tuesday, October 20, 2015

သောက်ရေရရန် ခက်ခဲသောဒေသများ ရေသန့်စက် တပ်ဆင်ရန် ကူညီပေးမည်



ရန်ကုန် ၊ ၂၀-၁၀-၂၀၁၅

ပြည်တွင်းရှိ သောက်သုံးရေ အခက်အခဲ ရှိသော ဒေသများ၌ သောက်ရေသန့်စက် တပ်ဆင်ရန် ငွေကြေး လိုအပ်ပါက အသေးစား ချေးငွေများ ထုတ်ပေး၍ အကူအညီ ပေးသွားမည် ဖြစ်ကြောင်း မင်္ဂလာမြန်မာ အဖွဲ့မှ သိရသည်။

ယခုအခါ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အလှူရှင် များနှင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ဒေသခံပြည်သူ များအတွက် သောက်ရေသန့် ရရှိရေးကို နည်းလမ်း ပေါင်းစုံဖြင့် ပါဝင်ကူညီ ဆောင်ရွက် နိုင်ရေးကိစ္စ ကိုလည်းကောင်း၊ ထောင်စုနှစ် ရည်မှန်းချက် MDG ပြည့်မီရေး အတွက်တို့ကို လည်းကောင်း ရည်ရွယ်ကာ မင်္ဂလာမြန်မာ အဖွဲ့မှ အလွယ်တကူ သယ်ယူနိုင်သော သောက်ရေသန့်စက် များကို တင်သွင်း တပ်ဆင်ပေးလျက် ရှိပြီး ချေးငွေများဖြင့် တပ်ဆင်လို သူများအတွက် အကူအညီ ပေးရန် မင်္ဂလာမြန်မာ အဖွဲ့၏ အသေးစား ငွေရေးကြေးရေး လုပ်ငန်းမှ စီစဉ် ပေးကြောင်း သိရသည်။

အဆိုပါ ရေသန့်စက်သည် ၁ဝ နှစ်ကြာ အသုံးပြုနိုင်ပြီး နောက်ဆုံးပေါ် နည်းပညာများဖြင့် တီထွင်ထုတ်လုပ် ထားခြင်းဖြစ်ကာ လျှပ်စစ်မီးနှင့် ဓာတုဗေဒ ပစ္စည်းများ အသုံးပြုရန် မလိုဘဲ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ၏ အဆင့် သတ်မှတ်ချက်နှင့် ညီညွတ်သော သောက်ရေသန့်ကို ချက်ချင်း ထုတ်လုပ်နိုင်သည့် အဆိုပါ Portable Water Treament System အလွယ်တကူ သယ်ယူနိုင်သော သောက်ရေသန့် စက်ကို ပြည်သူများထံ မိတ်ဆက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို သောက်ရေသန့် စက်သည် တစ်ရက်လျှင် လူဦးရေ ၅ဝဝ စာအတွက် သောက်ရေသန့် လီတာ ၂ဝဝဝ ထုတ်လုပ် ပေးနိုင်ပြီး ဗက်တီးရီးယား နှင့် ဗိုင်းရပ်စ်ပိုးများ ကိုဖယ်ရှားပေးကာ သြစတြေးလျ နိုင်ငံမှ တီထွင်ထုတ်လုပ် ထားသည့် ပစ္စည်းဖြစ်ကြောင်း သိရသည်။

ထက်ခိုင် (စမ်းချောင်း)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment