Pages

Thursday, September 10, 2015

မြန်မာ့ခရီးသွားလုပ်ငန်း ယခင်နှစ်အလားတူကာလ နှင့် နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်းတိုးတက်


ရန်ကုန် ၊ ၁၀-၉-၂၀၁၅

လက်ရှိအချိန် အထိ မြန်မာနိုင်ငံ အတွင်း နိုင်ငံခြားခရီးသွား ဧည့်သည် ဝင်ရောက်မှုကို ယခင်နှစ် အလားတူကာလ နှင့် နှိုင်းယှဉ်ပါက ၃ဝ ရာခိုင်နှုန်းခန့် တိုးတက် လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာနမှ သိရသည်။

ထိုသို့ ၃ဝ ရာခိုင်နှုန်းခန့် တိုးတက်လာ ခြင်းကြောင့် ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သော နိုင်ငံခြားခရီးသွား ဧည့်သည် အရေအတွက်မှာ သုံးသန်း နီးပါးအထိ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

လာမည့် ပွင့်လင်းရာသီတွင် မြန်မာ့ခရီးသွား လုပ်ငန်းသည် ယခင်နှစ် ကထက် ပို၍ ဖွံ့ဖြိုးတိုး တက်လာမည်ဟု မျှော်မှန်းထားပြီး ယခုနှစ်အတွင်း စုစုပေါင်း နိုင်ငံခြားခရီးသွား ဧည့်သည် ၅ သန်း နီးပါးအထိ ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွားဧည့်သည် ဝင်ရောက်မှုနှုန်း မြင့်တက်လာပြီး ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုး တိုးတက် လာစေရန် တခြားသော ဆက်စပ် လုပ်ငန်းများ ကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် လိုအပ်သည်။ အထူးသဖြင့် ဝန်ဆောင်မှု အရည်အသွေး တိုးတက်မြင့်မား လာစေရန် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို စီမံကိန်းများ ချမှတ် အကောင် အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောသည်။

မြန်မာနိုင်ငံတွင် ဇူလိုင်လ နှောင်းပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံ မှုများဖြစ်ပေါ် ခဲ့ခြင်းကြောင့် နိုင်ငံတစ်ဝန်းရှိ ဒေသတချို့တွင် ရေနစ်မြုပ်ခြင်း၊ မြေပြိုခြင်း အစရှိသည့် သဘာဝ ဘေးအန္တရာယ်များ ကျရောက်ခဲ့ သော်လည်း ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည် လည်ပတ်မှု များပြားသော ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေးကန် နှင့် ကျိုက်ထီးရိုး စေတီ စသည့်နေရာ များသို့ သွားရောက် လည်ပတ်သည့် ခရီးစဉ်များကို ထိခိုက်မှုမရှိဘဲ ခရီးသွား ဧည့်သည်များ ဘေးကင်း လုံခြုံစွာ သွားရောက် လည်ပတ်နေဆဲ ဖြစ်ကြောင်း သိရသည်။

ယခုအခါ ရေကြီးနစ်မြုပ်ရာ ဒေသများ၌ ရေများပြန်လည် ကျဆင်းသွားပြီ ဖြစ်ရာ ရေဘေးသင့် ဒေသ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို နိုင်ငံတော်မှ အလျင်အမြန် ဆောင်ရွက် နေသည့်အပြင် လမ်းပန်း ဆက်သွယ်ရေး များလည်း တိုးတက် ကောင်းမွန်လာကာ ပြည်တွင်း ပြည်ပ လေကြောင်း ခရီးစဉ်များလည်း ပုံမှန်ပျံသန်း ပြေးဆွဲနေသည့် အတွက် မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွား ဧည့်သည်များ အဆင်ပြေ ချောမွေ့စွာ လာရောက် လည်ပတ် နိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ တရားဝင် ကြေညာချက် ထုတ်ပြန်ကာ ဖိတ်ခေါ်ထားကြောင်း သိရသည်။

ကိုဆောင်း (ဥက္ကလာ)

မြ၀တီနေ့စဉ် ၊ စာ(၂၄)

#Themyawadydaily

No comments:

Post a Comment