Pages

Thursday, September 10, 2015

မှိုစိုက်ပျိုးထုတ်လုပ်သူများ အသင်းနှင့် အမေရိကန်ကုမ္ပဏီ တစ်ခုပူးပေါင်း၍ အမေရိကန်သို့ ကောက်ရိုးမှို တင်ပို့နိုင်ရေး စီစဉ်


ရန်ကုန် ၊ ၁၀-၉-၂၀၁၅

မြန်မာ့ ကောက်ရိုးမှိုကို အမေရိကန် ပြည်ထောင်စုသို့ တင်ပို့နိုင်ရန် မြန်မာနိုင်ငံ မှိုစိုက်ပျိုး ထုတ်လုပ် ရောင်းချသူများ အသင်းနှင့် အမေရိကန် ပြည်ထောင်စုမှ Motors Republic Company တို့ ပူးပေါင်း လုပ်ဆောင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ထိုကဲ့သို့ တင်ပို့ရန် ကောက်ရိုးမှို အများအပြား ထုတ်လုပ်နိုင်မည့် (Mass Production) စနစ်ကို အသုံးပြုမည် ဖြစ်ပြီး ယင်းကဲ့သို့ လုပ်ဆောင်ရန် ယူနစ်ဧရိယာ တစ်ခုလျှင် ကျပ်သိန်း ၈ဝ ခန့် ကျသင့်မည် ဖြစ်ကြောင်း သိရသည်။ 

ထို့ကြောင့် ယူနစ်ဧရိယာ တစ်ခုအတွက် စိုက်ပျိုး ထုတ်လုပ်မည့် တောင်သူမှ ၂၅ ရာခိုင်နှုန်း၊ အမေရိကန် ကုမ္ပဏီမှ ၂၅ ရာခိုင်နှုန်း ထည့်ဝင်ရင်းနှီး မည်ဖြစ်ပြီး ကျန် ၅ဝ ရာခိုင်နှုန်းကို နိုင်ငံတော် အစိုးရ သို့မဟုတ် ငွေကြေး အဖွဲ့အစည်းများမှ ချေးငွေရယူ၍ လုပ်ဆောင်ရန် ဆွေးနွေး ထားကြောင်း သိရသည်။

ယင်းကဲ့သို့ လုပ်ဆောင်ပါက တစ်နေ့လျှင် ၁ ယူနစ် ဧရိယာမှ ကောက်ရိုးမှို ၅ဝဝ ကီလိုဂရမ် ထုတ်လုပ် နိုင်မည်ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုမှ ကောက်ရိုးမှို ကြမ်းခင်းဈေး တစ်ပိဿာလျှင် ကျပ် ၄၁ဝဝ ပေးဝယ်မည် ဖြစ်ရာ တောင်သူများ တွက်ခြေကိုက် အဆင်ပြေ နိုင်ကြောင်း၊ အဆိုပါ စနစ်ကို ရန်ကုန်မြို့၌ အခြေစိုက် လုပ်ဆောင်မည် ဖြစ်ပြီး မှိုစုဆောင်းမည့် နေရာနှင့် နှစ်နာရီထက် မဝေးသည့် နေရာ၌ လုပ်ဆောင်မှသာ အရည်အသွေး ကောင်းသည့် မှိုကိုရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

အမေရိကန် ပြည်ထောင်စု အနေဖြင့် တစ်နှစ် မှိုလိုအပ်ချက်မှာ မက်ထရစ် တန်ချိန် ၁ဝဝ ခန့်ရှိပြီး ကောက်ရိုးမှို များစွာ ထုတ်လုပ်နိုင်မည့် စနစ်အတွက် အမေရိကန် ပြည်ထောင်စု မှ သရုပ်ပြမှု များနှင့် နည်းစနစ်ပိုင်း ပညာပေးမှုများ ပြုလုပ်မည် ဖြစ်ကာ အမေရိကန် ပြည်ထောင်စုမှ ဝယ်လိုအား အပေါ် မူတည်၍ တင်ပို့သွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၁၄)

#Themyawadydaily

No comments:

Post a Comment