Pages

Thursday, September 10, 2015

ဝမ်းချုပ်ခြင်းသည် ရောဂါတို့၏ အရင်းအမြစ် အစစ်ဖြစ်လေသလော


ဝမ်းချုပ်ခြင်းသည် ရောဂါတို့၏ အရင်းအမြစ် အစစ်ဖြစ်လေသလော

ကြည်မြင့်လွင် (မုဒြာ)

အခြေအမြစ် တည်၍ ဖြစ်ရသော ရောဂါမျိုးတို့ အနက် ရာခိုင်နှုန်း ၉ဝ တို့၏ အရင်းမူလ သည် ဝမ်းချုပ်ခြင်း ဖြစ်ကြောင်းကို ကမ္ဘာကျော် ဆရာဝန်ကြီး တစ်ဦးဖြစ်သော ဆာဝီလျံကိန်း ဆိုသူက ထုတ်ဖော် ရေးသား ခဲ့ဖူးသည်။

သို့ရာတွင် ဝမ်းချုပ်ခြင်းသည် ရုတ်တရက် ရှောင်တခင် ဖြစ်ပေါ်လာသော ရောဂါ ဖြစ်လေသလော ဟု ဆန်းစစ် ပြန်သည့်အခါ ဝမ်းချုပ်ခြင်း မဖြစ်မီ အခြားသော ဖောက်ပြန်မှုတို့ ရှိသေးသည်ကား မှန်၏။ သို့ရာတွင် အစာဟောင်းများ စုဝေးရာ ဖြစ်သော အူမသည် အဘယ်ကြောင့် ကောင်းစွာ အလုပ်မလုပ် ရလေသနည်းဟု တစ်ထစ်စီ လျှောက်ရန် ရှိသေးသည်။

အစာ ခြေချက်သော စက်ရုံကြီး တစ်ခုလုံး အားနည်း နေခြင်း (သို့မဟုတ်) အာရုံကြောများ အားနည်း ဆုတ်ယုတ် ခြင်းသည် ဝမ်းချုပ်ခြင်း၏ အကြောင်းရင်း ဖြစ်သည်ကို တွေ့ရ လေသည်။ အစာခြေစက် အားနည်းခြင်း၊ အာရုံကြောများ အားနည်းခြင်း တို့မှာလည်း အညစ်အကြေးများ စုအောင်းမှု တို့ကြောင့် ဖြစ်ပေရာ..အညစ်အကြေးများ စုအောင်းမှု သည်လည်း မသင့်တင့်သော အစာအာဟာရ တို့ကြောင့် ဖြစ်ရပေကား ကျွန်ုပ်တို့ ပြုပြင်ပေး နိုင်သော အရာသည် အစာ အာဟာရပင် ဖြစ်ချေ၏။ (ဆရာကြီးရွှေဥဒေါင်း အာဟာရနှင့်ကျန်းမာရေးမှကောက်နုတ်ချက်)

စာရေးသူ၏ ဆေးကုသ ခဲ့သော နှစ်ပေါင်း ၃ဝ ကျော် အတွေ့အကြုံ အရ ရောဂါဖြစ်ပွားသူ လူနာအတော် များများ၏ ပြဿနာမှာ ဝမ်းချုပ်ခြင်း၊ ဝမ်းသွားရန် ခက်ခဲခြင်း၊ ဆေးဝါးမကုဘဲ သဘာဝ အတိုင်း ဝမ်းမသွားခြင်း စသော ပြဿနာများ ရှိနေကြောင်း တွေ့ရသည်။ အထူးသဖြင့် နောက်ကြောတက်နှင့် အညောင်းအကိုက် လူနာအားလုံး နီးပါးမှာ ဝမ်းချုပ်သည်ကို တွေ့ရသည်။

တိုင်းရင်းဆေးများ၊ ကြော်ငြာ ရောင်းချသည့် ဆေးများကို ဝယ်ယူ သုံးစွဲနေကြ သူများ၏ ၉ဝ ရာခိုင်နှုန်း မှာလည်း ဝမ်းချုပ်သည့် ပြဿနာကြောင့် ဝမ်းသွားဖို့ အခြေခံပြုထားသော ထိုဆေးများကို ပုံမှန်ဝယ်ယူ သုံးစွဲနေကြောင်း တွေ့ရသည်။ ဆေးဆရာများ ကလည်း 'ဝမ်းတစ်လုံး ကောင်းလျှင် ခေါင်းတစ်လုံး မခဲ' ဟူသော စကားကို အခြေခံထားပြီး ဝမ်းသွားသည့် ဆေးများကို လက်ကိုင် လက်စွဲပြု၍ ကုသကြသည် ကို တွေ့ရသည်။

လူနာတို့ကို ဝမ်းသွားမည့် သဘာဝ နည်းလမ်းမှန်ကို ညွှန်ပြသည့် ဆရာက နည်းသည်။ ဝမ်းချုပ်သည်၊ အကြောတက် သည်ဆိုလျှင် မိမိလက်ကိုင် ပြုသည့် ဝမ်းနုတ်ဆေး တစ်မျိုးမျိုး ကိုသာ ပေးလိုက်သည် ကများသည်။ 

ထိုဆေးကို သဘောကျသည့် လူနာသည် စွဲ၍စားရင်း စားရင်း ဆေးမကူလျှင် ဝမ်းမသွားသည့် အခြေအနေသို့ ရောက်သွား တော့သည်။ ဤ ကုသနည်းသည် အမှန်အကန် မဟုတ်ပေ။ ဝမ်းချုပ်သူ အတော် များများသည် အထိုင်များသူ၊ ကားစီးများသူ၊ လမ်းလျှောက်နည်း သူများ ဖြစ်ကြသည်။ အသားစား သူများနှင့် အသီးအရွက် အစားများ သူတို့တွင်လည်း အသားစား သူများက ပို၍ ဝမ်းချုပ်သည်ကို တွေ့ရသည်။

ဝမ်းမှန်ကျန်းမာစေသောနည်းလမ်းများ

(၁) နံနက်အိပ်ရာထ၊ ညအိပ်ရာဝင်ချိန်တွင် ရေများများသောက်ပါ။
(၂) အားလပ်သောအချိန်တိုင်းတွင် လမ်းလျှောက်ပါ။
(၃) အသားနှင့်အဆီစားခြင်းကိုလျှော့ပြီး အသီးအရွက်ကိုပို၍စားပါ။
(၄) အစာစားတိုင်း အရည်သောက်ဟင်းချိုရည်ပါပါစေ။
(၅) မန်ကျည်းမှည့်ပါသော သီးရွက်စုံချဉ်ဟင်းသည် ဝမ်းကို မှန်စေသည်။
(၆) အစာစားပြီးလျှင် ထိုင်မနေပါနှင့် ခေတ္တထပြီး လမ်းလျှောက်ပါ။
(၇) ညအိပ်ရာမဝင်မီ သင်္ဘောသီး၊ ငှက်ပျောသီးမှည့်များစားလျှင် ဝမ်းကိုပျော့စေနိုင်သည်။
(၈) နံနက်စောစောထပြီး လမ်းလျှောက်ခြင်းဖြင့် ဝမ်းမှန် စေနိုင်သည်။

ရတနာပုံနေ့စဉ် ၊ စာ(၅)

#Yadanarpondaily

No comments:

Post a Comment