Pages

Monday, July 13, 2015

ဂျာမနီနိုင်ငံတွင် ရှဥ့်များထံမှ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၃ ဦးသေဆုံး


Squirrel virus may have killed 3 German men

ဘာလင် ၊ ၁၃-၇-၂၀၁၅

ဂျာမနီနိုင်ငံတွင် ရှဥ့်မွေးမြူရေး လုပ်ငန်းဝန်ထမ်း သုံးဦးသည် ဦးနှောက် သွေးကြောများ ရောင်ရမ်းသော ဝေဒနာဖြင့် ယမန်နေ့က သေဆုံး သွားခဲ့ရာ ၄င်းတို့သည် ရှဥ့်များထံမှ ဗိုင်းရပ်စ်ပိုး တစ်မျိုး ကူးစက်ခံ ရခြင်း ဖြစ်ကြောင်း လေ့လာ သိရှိခဲ့ရပြီး တာဝန်ရှိ သူများက ယခုအခါ အဆိုပါ ရှဥ့်ဗိုင်းရပ်စ်ကို ကာကွယ် ကုသနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုဗိုင်းရပ်စ်ပိုး အသစ်သည် ဘော်နာ ဗိုင်းရပ်စ် အုပ်စုတွင် ပါဝင်ပြီး မြင်း၊ သိုး၊ ငှက် အစရှိသည် တို့ကို အလွယ်တကူ ကူးစက်နိုင်ကြောင်း၊ ၄င်း ဗိုင်းရပ်စ်သည် ယခင်က လူသားတို့ကို ကူးစက်ခဲ့သည့် သာဓက မရှိကြောင်း၊ ယခု သေဆုံးခဲ့သူ သုံးဦး ကိုမူ ရှဥ့်ဗိုင်းရပ်စ် ကူးစက်ခဲ့ သည်မှာ မှန်ကန်ကြောင်း၊ ရှဥ့်ဗိုင်းရပ်စ် အန္တရာယ်သည် တဖြည်းဖြည်း ပို၍ကြီးထွား လာမည်လား၊ တိမ်မြုပ် ပျောက်ကွယ် သွားမည်လား ကို မိမိတို့ အလေးထား လေ့လာ နေကြောင်း ဥရောပ ရောဂါ ကာကွယ်ရေး နှင့် ထိန်းချုပ်ရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရှဥ့်မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ သုံးဦးလုံးမှာ အသက် ၆ဝ မှ ၇ဝ နှစ်အရွယ် သက်ကြီးပိုင်းများ ဖြစ်ပြီး တစ်ဦးနှင့် တစ်ဦး ရင်းနှီး ခင်မင် ဝင်ထွက်သွားလာ နေကြသူများ ဖြစ်ကြောင်း၊ အိမ်မွေး တိရစ္ဆာန် အဖြစ် အဝယ်များ ကြသော ရှဥ့်များကို မွေးမြူ ရောင်းချခြင်း ဖြစ်ကြောင်း၊ ရှဥ့်တို့ ၏ ကုတ်ခြစ်မှု၊ အကိုက်ခံရမှု တို့ကို ပုံမှန်နီးပါး ခံစားရသူများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရှဥ့်မွေးမြူရေး သမား သုံးဦး လုံးသည် ဦးနှောက် အမြှေးပါး ရောင်သည့် ဝေဒနာကို ခံစားခဲ့ကြ ရကြောင်း၊ အဖျား တက်ခြင်း၊ ချမ်းတုန်ခြင်း၊ နုံးချည့်ခြင်း၊ အကြားအမြင် အာရုံများ ရောပြွမ်း ရှုပ်ထွေးခြင်း၊ လမ်းလျှောက်ရန် ခက်ခဲခြင်း တို့ကို ခံစားရ လာသည့် အတွက် ၄င်းတို့ သုံးဦးလုံးကို ဆေးရုံသို့ တင်ပို့ကာ အထူးကြပ်မတ် ကုသဆောင်တွင် ထားရှိကုသ ခဲ့သော်လည်း ၄င်းတို့သည် တစ်ဦးပြီး တစ်ဦး ကိုးမားဝင် သွားပြီး သေဆုံး ခဲ့ကြောင်း၊ ရှဥ့်ဗိုင်းရပ်စ် ကူးစက်ခံရပြီး နှစ်လမှ လေးလအတွင်း သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ ရှဥ့်ဗိုင်းရပ်စ် ကူးစက် နိုင်ပုံနှင့် တားဆီး ကာကွယ်ရန် ဆောင်ရွက် ထားရှိရမည့် ပုံတို့ကို လေ့လာနေပြီး ရှဥ့်ဗိုင်းရပ်စ် ကို ကာကွယ်ကုသ နိုင်ရန် ဆေးဝါး ဖော်စပ်ရန်လည်း ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment