Pages

Monday, July 13, 2015

အစိုးရအဖွဲ့အစည်းများ အနေဖြင့် e-Government စနစ်ကို လက်တွေ့ စနစ်တကျ အသုံးပြုလာနိုင် စေရန် ကမ္ဘာ့ဘဏ်က ပံ့ပိုးကူညီမည်



ရန်ကုန် ၊ ၁၃-၇-၂၀၁၅

မြန်မာနိုင်ငံတွင် အစိုးရ အဖွဲ့အစည်းများ အနေဖြင့် e-Government စနစ်ကို လက်တွေ့ စနစ်တကျ အသုံးပြု လာနိုင်စေရန် အတွက် ကမ္ဘာ့ဘဏ် က ပံ့ပိုးကူညီမည် ဖြစ်ကြောင်း ၄င်းစနစ် အကောင်အထည် ဖော်မှုတွင် အဓိက ကျသည့် ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ အီလက်ထရွန်နစ် အစိုးရ လုပ်ငန်းများ ဖြစ်သော e-Government စီမံကိန်း အောင်မြင်ရန် အတွက် ကမ္ဘာ့ဘဏ် အဖွဲ့အစည်းက အကူအညီ ပေးရန် စီစဉ်လျက် ရှိသည် ဟုလည်း သိရသည်။

ယခုလက်ရှိ အချိန်တွင် အများ ပြည်သူနှင့် ဆက်စပ် လုပ်ကိုင်နေ ရသည့် ရုံးဌာနများတွင် စာရွက်စာတမ်း စနစ်ကိုသာ အဓိက အားပြုနေဆဲ ဖြစ်သောကြောင့် လုပ်ငန်း ကြန့်ကြာခြင်း များနှင့် ရင်ဆိုင် နေရကြောင်း၊ ထိုကဲ့သို့ ကြန့်ကြာမှု များကို ကျော်လွှားရန် အစိုးရဌာန ဆိုင်ရာများတွင် e-Government စနစ်ကို လက်ရှိထက် စနစ်တကျ အသုံးပြုနိုင် စေရန်အတွက် ကမ္ဘာ့ဘဏ် အဖွဲ့အစည်းက ယခု ဘဏ္ဍာနှစ် အတွင်း အပြည့်အဝ အကူအညီပေးနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့ပြင် ကမ္ဘာ့ဘဏ် အဖွဲ့အစည်း သည် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ များတွင် နေထိုင်သည့် ဒေသခံများ မိုဘိုင်လ်းဖုန်းနှင့် အင်တာနက် ဆက်သွယ်ရေး ဝန်ဆောင်မှု များကို ပိုမို အသုံးပြု လာစေရန် အတွက် လိုအပ်သည့် ပံ့ပိုးမှုများ ကိုလည်း ပေးသွားရန် ရှိကြောင်း၊ ကမ္ဘာ့ဘဏ် သည် မြန်မာနိုင်ငံ အပါအဝင် အာဆီယံ ဒေသတွင်းရှိ ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ဆက်သွယ်ရေး ကဏ္ဍ တိုးတက်လာ စေရေးနှင့် ပြည်တွင်း နေထိုင်သူများ အဆင့်မြင့် ဆက်သွယ်ရေး စနစ်နှင့် ဝန်ဆောင်မှု များကို အသုံးပြုနိုင်ရန် အတွက် ယခုကဲ့သို့ ကူညီပေးရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆက်သွယ်ရေး ဖွံ့ဖြိုးမှု ပိုမို လိုအပ်သည့် အဆိုပါ နယ်စပ်ဒေသ များတွင် ဆက်သွယ်ရေး ဆိုင်ရာ လုပ်ငန်းများ ကိုလည်း ပိုမိုချဲ့ထွင် နိုင်စေရန်နှင့် ၄င်းနှင့် ဆက်စပ် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးမှု ရှိလာစေရန်ပါ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ် အနေဖြင့် ပြည်တွင်း၌ National Gateway များတည် ဆောက်ခြင်း၊ Data Center များ တည်ဆောက်ခြင်း နှင့် မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍတွင် တိကျသည့် စံချိန်စံညွှန်း များကို နိုင်ငံတကာ နှင့် တန်းတူ သတ်မှတ် ပြဋ္ဌာန်း ပေးနိုင်ရန် အစရှိသည့် လုပ်ငန်းများ အကောင်အထည် ပေါ်လာရန် အတွက် ပံ့ပိုးမှုများ ပြုလုပ် ပေးသွားရန် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိ သူများနှင့် ဆွေးနွေးပြီး ဖြစ်ကြောင်း သိရသည်။

အိအိအောင်

#Yadanarpondaily

No comments:

Post a Comment