Pages

Monday, July 13, 2015

မအေးထံသို့ ပြန်စာ


မအေးထံသို့ ပြန်စာ

မဒါလေး

အရင် တစ်ပတ်က မအေးဆီမှ စာကို ကျွန်မ ဖတ်လိုက် ရသည်။ စိတ်ခံစားချက် အရ အတိုင်းအတာ တစ်ခုထိ သောကကို မျှဝေ ခံစားမိသည်။ စာပြန်ရန်လည်း အမျိုးမျိုး စဉ်းစားမိသည်။ မည်သို့ ပြန်ရေးကာ နှစ်သိမ့် ရမည်ကို စကားလုံးရှာ မရ ဖြစ်နေသည်။ ပထမဦးစွာ ပြောလိုသည်က မအေး၏ သတ္တိကို ချီးမွမ်းချင် ပါသည်။ ကျွန်မတို့ မိန်းမသား အများစုသည် ကိုယ့်ချစ်သူ ယောက်ျားလေး (သို့မဟုတ်) ခင်ပွန်း ဖြစ်သူက ချစ်ခင် ကြင်နာသည်။ မည်သို့ ဂရုတစိုက်ပြု မူသည်။ မည်သို့ မိမိအပေါ် သစ္စာစောင့်သိ သည်ကိုသာ ပြောချင် ကြသည်။ အမှန်တကယ် ခံစားရသည့် သောက ဒုက္ခများကို စိတ်၏ အနက်ရှိုင်းဆုံး နေရာ တစ်ခုတွင် သိုဝှက်စွာ သိမ်းဆည်းထား တတ်ကြသည်။ 

သို့သော် မိမိအပေါ် ခင်ပွန်းဖြစ်သူ သစ္စာမဲ့သည့် အကြောင်းကို မိန်းကလေး အများစုက မိမိကဲ့သို့ အဖြစ်မျိုး မကြုံတွေ့ စေလိုသဖြင့် ဖွင့်ပြော လာသည်မှာ အတော်အသင့် သတ္တိရှိရုံနှင့် မဖြစ်နိုင်ပါ။ သို့အတွက် ကြောင့် မအေးသည် မအေး၏ စာထဲတွင် ရေးထား သကဲ့သို့ ဘာမျှ မသိ၊ မတတ်၊ ညံ့သည့် မိန်းကလေး တစ်ဦး မဟုတ်ပါ။ မထက်မြက် ချင်နေပါ သတ္တိနည်းသော မိန်းကလေး ထဲတွင် မပါဝင်ပါ။ သို့အတွက် မအေး၏ သတ္တိကို ကျွန်မ ပထမဦးဆုံး ချီးကျူးမိ ပါသည်။

မအေးရေ . . .

မအေးကို ကျွန်မ ငယ်ငယ်က ကျွန်မအဖွား ပြောပြတဲ့ ပုံပြင်လေးကို ပြောပြချင် ပါတယ်။ အဖွားပြောတဲ့ ပုံပြင်လေးက ''လေတွေ မိုးတွေ သည်းတဲ့နေ့ တစ်နေ့မှာ ငှက်ဖိုနဲ့ ငှက်မဟာ အဝေးကို ရောက်နေသတဲ့။ ငှက်မဟာ ပါးစပ်ကလဲ အစာကို ကိုက်ချီရင်း အသိုက်ရှိရာ ဘက်ဆီသာ ဦးတည်ပြန် သတဲ့။ ရေတွေ စွတ်စိုနေတဲ့ ကြားထဲက အဝေးကြီးကို ပျံလာရတော့ အတောင်တွေ အတော်ညောင်း နေတာပေါ့။ လမ်းမှာ သစ်ပင်ကြီး တစ်ပင် တွေ့တော့ ခဏနား သတဲ့။ အဲဒီမှာ ငှက်ဖိုက ရာသီဥတု ပိုဆိုးလာလို့ ဆက်ပြီး မပျံနိုင် တော့ဘူးလို့ ပြောသတဲ့။ ငှက်မကတော့ ဒါဆိုလဲ ရာသီဥတု ကောင်းတဲ့ အချိန် ဆက်ဆက် ပြန်လာခဲ့ပါ။ သူကတော့ အရောက် ပြန်ရမယ်လို့ ပြောပြီး အစာကိုချီကာ ဆက်ပျံသွား သတဲ့''။ အဲဒီအချိန်မှာ ''ငှက်မက ဘာလို့ အရောက်ပြန် တာလဲ။ ဒီလောက် လေတွေမိုးတွေ ကြီးနေတာ ဆိုတဲ့'' ကျွန်မ အမေးကို အဖွား က ဘယ်လို ဖြေခဲ့တယ် ထင်သလဲ။ ''မေတ္တာ တရားကြောင့်ပေါ့ မြေးရယ်တဲ့ '' ။ အဲဒီအချိန်တုန်း ကတော့ ကျွန်မသေချာ မသိခဲ့ပါဘူး။ မအေး ရယ်။ အရွယ်ရောက် လာမှ အဲဒီ ပုံပြင်လေးကို ပြန်စဉ်းစား မိတယ်။ ငှက်မကြီးက အသိုက်ထဲမှာ ကြောက်ရွံ့မှု မျိုးစုံနဲ့ သူ့ကို စောင့်မျှော်နေ ကြမယ့် ငှက်ငယ်လေးတွေ အတွက် အရောက် ပြန်ခဲ့တာ သူ့ရဲ့ ကြီးမားတဲ့ မေတ္တာ တရားကြောင့် ဆိုတာပါပဲ။ ငှက်ဖိုကတော့ လေမိုးတွေ ငြိမ်တဲ့အခါ ပြန်လာလေ သလား။ သစ်ပင်ကြီး ထက်မှာ တွေ့တဲ့ တခြား ငှက်တွေနဲ့ပဲ နေနေသလား ဆိုတာ ကျွန်မ ဆက်မမေး ဖြစ်ခဲ့ပါဘူး။

ဘာလို့လဲ ဆိုတော့ ငှက်မကြီးရဲ့ မေတ္တာတရားကို စဉ်းစားလေလေ ပီတိဖြစ်ပြီး စိတ်ကျေနပ်ဖြစ် ရတာကြောင့် ပါပဲ။ အခုအချိန်မှာ စဉ်းစား မိတာကတော့ ငှက်မကြီးက လေမိုးတွေ ငြိမ်တဲ့အခါ အသိုက်ကို ပြန်ခဲ့ဖို့ မှာခဲ့တဲ့ စကားကိုပါပဲ။ အဲဒီ စကားကို စဉ်းစား ကြည့်ရင်း ငှက်မကြီးရဲ့ သားသမီးတွေ အပေါ်ထားတဲ့ စိတ်တင် မကဘဲ ငှက်ဖို အပေါ်ထားတဲ့ မေတ္တာနဲ့ သစ္စာတရားကိုလဲ တွေးမြင်ယောင် မိပါတယ်။ ဒီလိုပါပဲ မအေးရေ ကျွန်မတို့ မိန်းမသား ဆိုတာ ထိန်းသိမ်းရမယ့် ဝတ္တရားနဲ့ စောင့်သိရမယ့် အရာတွေ များလွန်းတော့ တစ်ခါတလေ မှာ အံကိုခဲပြီး ဘဝကို ခပ်ပြုံးပြုံးလေး ရင်ဆိုင် နေကြရ တာပါပဲ။ ဘဝ ဆိုတာကလဲ ချစ်ခင်သူနဲ့ မုန်းသူတွေ ကြား ကွေ့ပတ် ပြေးလွှား ကစားရတဲ့ ခရီးရှည် ကစားပွဲကြီး တစ်ခုဆိုတော့ ရင်သပ်ရှုမော အံ့သြစရာ တွေနဲ့ ပြည့်နေမှာ အမှန်ပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီကစားပွဲ ကြီးထဲကနေ ကျွန်မတို့တစ်တွေ ဆုံးရှုံးနစ်နာမှု နည်းနိုင်သမျှ အနည်းဆုံးနဲ့ ထွက်ခွာ သွားဖို့ပဲ ကြိုးစားရမှာပါ။ အောင်နိုင်တဲ့ သူကလဲ မျှတတဲ့ အောင်နိုင်မှုမျိုးနဲ့ ထွက်ခွာဖို့ ကြိုးစားရင်း အကောင်းဆုံး နေထိုင်သွား ရမှာပါပဲ။ ပြိုင်ပွဲ ဆိုတော့လဲ အရှုံးနဲ့အနိုင် ဆိုတာ ရှိစမြဲမို့ အမြဲတမ်းလဲ မနိုင်တတ်သလို အမြဲတမ်းလဲ မရှုံးနိမ့်နိုင် ပါဘူး။ ရှုံးနိမ့်ချိန်မှာ ကိုယ့်ရဲ့ စိတ်ဓာတ် ခွန်အားကို အပြည့်အဝ ပြန်လည် မွေးမြူပါ။ စိတ်သည်သာ အဓိကမို့ သူက အရာရာကို ဦးဆောင်သွားပါလိမ့်မယ်။ ကိုယ်က စိတ်ဓာတ်ကျ နေရင်တော့ ကိုယ့်အပေါ် အားကိုး ယုံကြည် နေကြတဲ့ သား သမီးလေးတွေက ဘယ်သူ့လက်ကို ကိုင်စွဲရမလဲ စဉ်းစားစရာ ဖြစ်ကုန် ပါလိမ့်မယ်။ သားသမီးတွေ အတွက် အမေဆိုတာ အမှန် တကယ် လိုအပ်တာမို့ သူတို့ လေးတွေ လူလား မမြောက်ခင် တော့ မအေးတစ်ယောက် လောကဓံ ဆိုတာကို ပိုပြီးကြံ့ကြံ့ ခံနိုင်အောင် ကြိုးစားရပါမယ်။ မအေးရေ . . .

မနှစ်သက်တော့ လို့မှ ပစ်တော့မယ့် သူကို ဒါဟာ အကောင်းကြီး ပါလို့ ပြောပြလဲ နားဝင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ ကိုယ့်ဘက်က အကောင်းဆုံး အနေနဲ့ သူ့အပေါ် တာဝန် ဝတ္တရား ကျေအောင် လုပ်ပေးလိုက်ပါ။ ပြီးတော့ အဲဒီလိုလူ အပေါ်ကို လုံးဝအားကိုးဖို့ ဆိုတာ မသေချာတော့ တာမို့ သေချာတဲ့ အလုပ်ကိုပဲ လုပ်ပါ။ မအေးဘက်မှာ သေချာတဲ့ သားသမီးတွေ ရှိတယ်။ သူတို့ကိုသာ အောင်မြင်အောင် ပျိုးထောင်ပါ။ ကိုယ်ကသူ့ကို အားမကိုး တော့တာ သိရင် အားမကိုးလဲ ရပ်တည်နိုင်တယ် ဆိုတာသိရင် သူ့ရဲ့ ထောင်လွှား မောက်မာမှု တွေကို သူပြန်မြင်လာ ပါလိမ့်မယ်။ သူ့အပေါ် တာဝန် ကျေပွန်တဲ့သူ၊ သစ္စာစောင့်သိ တဲ့သူ ဆိုတာသိရင် သူ့လိပ်ပြာကို သူပြန်ရှက် လာပါလိမ့်မယ်။ မအေးရေ . . . အဲဒီလို နေ့ရောက်ရင် အရာအားလုံး ထက် အပျော်ရွှင်ရဆုံး သူဆိုတာ မအေးဖြစ်ဖို့ မသေချာ ပေမယ့် မအေးရဲ့ သား၊ သမီးလေး တွေကတော့ အပျော်ရွှင်ဆုံး သူတွေ ဖြစ်နိုင်ကြ ပါလိမ့်မယ်။

ဆက်စပ်ဆောင်းပါး = မအေးထံမှစာ

#Yadanarpondaily

No comments:

Post a Comment