Pages

Thursday, May 28, 2015

Car Black Box တပ်ဆင်အသုံးပြုသော အဝေးပြေး ယာဉ်အရေအတွက် အလွန် နည်းပါးနေသေး



ရန်ကုန် ၊ ၂၈-၅-၂ဝ၁၅

ပြည်တွင်းရှိ အဝေးပြေး လမ်းမကြီး များ၌ ယာဉ် မတော်တဆ မှုများ မကြာခဏ ဖြစ်ပွားသည့် အတွက် အဝေးပြေး အမြန် လမ်းမကြီး များ၌ မောင်းနှင် သွားလာ နေကြသော မော်တော်ယာဉ်များ၊ အထူးသဖြင့် အဝေးပြေး ခရီးသည်တင် ယာဉ်ကြီးများတွင် ယာဉ်မောင်းနှင် သွားလာမှု နှင့်ပတ်သက်၍ မှတ်တမ်းတင် နိုင်သော Car Black Box များ မဖြစ်မနေ တပ်ဆင် အသုံးပြုသင့် သော်လည်း ယနေ့အချိန်ထိ တပ်ဆင် အသုံးပြုသည့် မော်တော်ယာဉ် အရေအတွက်မှာ အလွန် နည်းပါး နေသေးကြောင်း ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''အဝေးပြေးယာဉ် တချို့မှာတော့ Car Black Box တွေ တပ်ထားတာကို တွေ့ဖူးတယ်။ ဒါပေမဲ့ မော်တော်ယာဉ် တိုင်းမှာ မဖြစ်မနေ တပ်ဆင် အသုံးပြုရမယ် ဆိုတဲ့ စည်းကမ်းချက် ကိုတော့ ထုတ်ပြန် ထားတာ မရှိသေးပါဘူး။

တပ်ထားနိုင် ရင်တော့ ကောင်းတယ်။ အဲဒီ Car Black Box တွေက ယာဉ်သွားလာမှု နဲ့ ယာဉ်ရှေ့မှာ ဖြစ်ပျက်တာ တွေကို မှတ်တမ်းတင် ပေးတဲ့ CCTV ကင်မရာ သဘောမျိုးပဲ။ ကားမောင်းနှင် သွားလာခဲ့တဲ့ ပုံစံတွေ၊ မောင်းခဲ့တဲ့ အရှိန်တွေ၊ ယာဉ်မတော်တဆ မှုဖြစ်ရင်လည်း ဖြစ်ပျက် ခဲ့တာတွေ အားလုံးကို မှတ်တမ်းတင် သိမ်းဆည်းထား နိုင်တယ်။ ကားတစ်စီးလုံး မီးလောင်သွား ရင်တောင် အဲဒီ Car Black Box ထဲမှာရှိတဲ့ Memory Chip လေးက မပျက်မစီးဘဲ ကျန်ရှိနေအောင် ဖန်တီး ပေးထားတဲ့ အတွက် မှတ်တမ်းတွေ ကျန်ရှိ နေနိုင်တာပေါ့။ ပြီးတော့ အဝေးပြေး ယာဉ်ပိုင်ရှင်တွေ အနေနဲ့ ကလည်း မိမိတို့ရဲ့ယာဉ်မောင်းတွေ ဘယ်လို မောင်းတယ် ဆိုတာကို Black Box မှတ်တမ်းတွေက တစ်ဆင့် သိရှိနိုင်တဲ့ အတွက် လိုအပ်သလို ကြပ်မတ် ဆောင်ရွက်ခြင်း တွေ ပြုလုပ်နိုင်တယ် '' ဟု ၄င်းက ပြောသည်။

ထို့အပြင် နိုင်ငံတကာတွင် အသုံးပြု နေကြသော နည်းပညာ အဆင့်မြင့် Car Black Box များသည် မော်တော်ယာဉ် မောင်းနှင် သွားလာမှုကို မှတ်တမ်းတင် နိုင်ခြင်း အပြင် ကားအရှိန် မြန်လာခြင်း များနှင့် ယာဉ်မောင်းများ အိပ်ငိုက်ခြင်း ကြောင့် ယာဉ်လမ်းကြောင်း လွဲချော် မောင်းနှင် လာခြင်းများ ဖြစ်လာလျှင်လည်း သတိပေး နိုင်စေရန် တီထွင် ထုတ်လုပ် ထားကြောင်းနှင့် လက်ရှိတွင် မြန်မာနိုင်ငံ၌ ထိုကဲ့သို့ အဆင့်မြင့် Car Black Box တင်သွင်း ဖြန့်ချိ ရောင်းချနေသော ကုမ္ပဏီ အရေအတွက်မှာ နည်းပါး နေသေးကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment