Pages

Thursday, May 7, 2015

တာဝန်ယူမှု ၊ တာဝန်သိမှု နှင့် လိုလားချက်


တာဝန်ယူမှု ၊ တာဝန်သိမှု နှင့် လိုလားချက်

နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး နှင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး သည် ပြည်သူတို့ လိုလားသည့် ဆန္ဒနှစ်ရပ် ဖြစ်သည်။ ထို ဆန္ဒနှစ်ရပ် ပြည့်ဝရေး အတွက် နိုင်ငံတော်နှင့် ပြည်သူတို့ တက်ညီ လက်ညီ ဖော်ဆောင်လျက် ရှိရာ အတိုင်းအတာ တစ်ခုထိ ခရီးရောက် ခဲ့ပြီဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍ အသီးသီး ပြောင်းလဲ တိုးတက်စေရန် အစိုးရ လွှတ်တော်၊ တပ်မတော်နှင့် ပြည်သူ တစ်ရပ်လုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့ ကြသည်။

နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဓိက လိုအပ်ချက်မှာ ကျန်းမာ ကြံ့ခိုင်သော ပြည်သူများ ဖြစ်ရန်နှင့် အသိပညာ၊ အတတ်ပညာနှင့် ပြည့်သူများ ဖြစ်ရန် ဟူသည့် ကျန်းမာရေးနှင့် ပညာရေး ဖြစ်သည်။ အာရောဂျ ပရမာလာဘ ဟူသည့် ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆိုသကဲ့သို့ ကျန်းမာကြံ့ခိုင် မှသာ လိုရာဆန္ဒကို အကောင် အထည်ဖော် နိုင်မည် ဖြစ်သည်။

ထို့အတူ ယနေ့ခေတ် ကာလသည် ပညာခေတ် ဖြစ်ရာ မြန်မာ ပြည်သူများ အနေဖြင့် ပညာခေတ်၏ စိန်ခေါ်မှု များကို ရင်ဆိုင် နိုင်မည့် အစဉ် လေ့လာသင်ယူ နေကြသည့် လူ့ဘောင် အဖွဲ့အစည်း ဖြစ်ပေါ်လာ စေရန် ကြိုးပမ်း ကြရမည် ဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့် ဖွံ့ဖြိုး တိုးတက်ရန် သယံဇာတ အရင်းအမြစ် များနှင့် အခြေအနေ ကောင်းများ ရှိသော်လည်း လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး တွင် လိုအပ်ချက်များ ရှိနေ သကဲ့သို့ ကျန်းမာရေး ကဏ္ဍ တွင်လည်း လိုအပ်ချက်များ ရှိနေဆဲ ဖြစ်သည်။

လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတော် အနေဖြင့် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်များ နှစ်စဉ် တိုးတက် သုံးစွဲလျက် ရှိသည်ကို တွေ့ရသည်။ ပညာရေး အသုံးစရိတ် အနေဖြင့် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေး နှစ်၌ ငွေကျပ် ၃၆၉ ဒသမ ၇၁၄ ဘီလီယံ သုံးစွဲခဲ့ ရာမှ ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာရေး နှစ်တွင် ငွေကျပ် ၁၅၁၄ ဒသမ ၇၇ ဘီလီယံ အသုံးပြုမည် ဖြစ်ရာ ယခင် ကာလထက် ငါးဆနီးပါး တိုးတက် အသုံးပြု နေသည်။ ထို့အတူ ကျန်းမာရေး အသုံးစရိတ် တွင်လည်း ၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေး နှစ်တွင် ငွေကျပ် ၈၆ ဒသမ ၅၈၂ ဘီလီယံ သုံးစွဲခဲ့ရာမှ ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာရေး နှစ်တွင် ငွေကျပ် ၇၅၃ ဒသမ ဝဝ၁ ဘီလီယံ အသုံးပြုမည် ဖြစ်ရာ ယခင် ကာလထက် ကိုးဆနီးပါး တိုးတက် အသုံးပြု နေသည်။

ကျန်းမာ ကြံ့ခိုင်သော လူသား အရင်းအမြစ်များ ပေါ်ထွန်း လာစေရန် အတွက် ကျောင်း ကျန်းမာရေး စီမံချက်များ စနစ်တကျ ချမှတ် ဆောင်ရွက် နေသကဲ့သို့ ကျောင်းနေ အရွယ် ကလေးအားလုံး ကျောင်းနေနိုင် စေရန် ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ် မှစ၍ အခမဲ့ မသင်မနေရ မူလတန်း ပညာရေး အစီအစဉ်များ၊ ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် မှစ၍ အခမဲ့ အလယ်တန်း ပညာရေး အစီအစဉ် များကို အကောင် အထည်ဖော် ဆောင်ရွက်ပေး ခဲ့ပြီး အခမဲ့ အထက်တန်း ပညာရေး အစီအစဉ် များကို ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်ရန် စီစဉ်လျက် ရှိသည်။

ထို့သို့ နိုင်ငံတော်မှ စီမံချက်များ၊ စီမံကိန်း များနှင့် ငွေကြေး တို့ကို အသုံးပြု အကောင် အထည်ဖော် နေသော်လည်း ထိုကဏ္ဍ နှစ်ရပ်အတွက် လိုအပ်ချက် ရှိနေဆဲ ဖြစ်သည်။ ထို လိုအပ်ချက်မှာ ငွေကြေး လိုအပ်ချက်နှင့် တာဝန်သိမှု လိုအပ်ချက်တို့ ဖြစ်သည်။ နိုင်ငံတော် အနေဖြင့် ပြည့်စုံ လုံလောက်အောင် ကြိုးစား စွမ်းဆောင် နေသော်လည်း ပြည်သူများ အနေဖြင့် ကျောင်းနေ အရွယ် ကလေးငယ်များ ပညာသင် ပေးရန် ကျောင်းအပ်နှံမှု လိုအပ်ချက် ရှိနေသည်ကို တွေ့နေရဆဲ ဖြစ်သည်။

သို့ဖြစ်ရာ ပြည်သူတို့၏ လိုလားချက် နှစ်ခုဖြစ်သည့် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး တို့ကို ဖော်ဆောင်ရာတွင် အဓိက ကျသည့် ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ကြ ရာတွင် နိုင်ငံတော်နှင့် အတူ ပြည်သူ တစ်ရပ်လုံး ကလည်း ကျရာကဏ္ဍမှ တာဝန်သိမှု၊ တာဝန်ယူမှု အပြည့်ဖြင့် တက်ညီ လက်ညီ ပါဝင်ကြိုးပမ်း ကြရမည် ဖြစ်ပါကြောင်း အကြံပြု တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment