Pages

Friday, May 29, 2015

ခြေလက် ပြတ်တောက်မှုများကို အမြန်ဆုံး ပြန်ဆက် ကုသပေးနိုင်ရန် ဆက်သွယ်ရမည့် အရေးပေါ် ဖုန်းနံပါတ်များ ထုတ်ပြန်


ရန်ကုန် ၊ ၂၉-၅-၂ဝ၁၅

အကြောင်း ကြောင်းကြောင့် ထိခိုက်မှုများ ဖြစ်ပွား၍ ခြေလက် ပြတ်တောက် ခြင်းများ ဖြစ်လာပါက အမြန်ဆုံး ကုသနိုင်စေရန် ဆက်သွယ် ဆောင်ရွက်ရမည့် အရေးပေါ် ဖုန်းနံပါတ် များကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ ထုတ်ပြန် ပေးထားကြောင်း အဆိုပါ ဆေးရုံရှိ လက်ပိုင်းဆိုင်ရာ ခွဲစိတ်အထူးကု ဆရာဝန် တစ်ဦးက ပြောသည်။

အဆိုပါ ဆက်သွယ်ရမည့် ဖုန်းနံပါတ် များမှာ ရန်ကုန်ဆေးရုံကြီး အရေးပေါ် ကုသဌာန ဖုန်း-ဝ၁-၂၅၆၁၂၃၊ ဝ၁- ၂၅၆၁၁၂ နှင့် ဝ၁-၂၅၆၁၁၄ လိုင်းခွဲ ၈၅၆ တို့ဖြစ်ပြီး ယင်းဖုန်းများတွင် အထူးကု ဆရာဝန် များအား ၂၄ နာရီ တာဝန်ချထား ပေးကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာ ရရှိမှု တစ်စုံ တစ်ခု ကြောင့် ခြေလက် ပြတ်တောက် ခြင်းများ ဖြစ်ပွားပါက ပြတ် သွားသော ခြေလက်များကို သန့်ရှင်း ခြောက်သွေ့သော ပလတ်စတစ်အိတ် သို့မဟုတ် ဘူးဖြင့် ထည့်ပြီး ဘေးပတ်ပတ် လည်၌ ရေခဲထည့် အအေးခံကာ ရန်ကုန် ပြည်သူ့ဆေးရုံကြီး သို့ အချိန်မီ သယ်ဆောင် လာရန် လိုအပ်ကြောင်း သိရသည်။

အဓိက အားဖြင့် ပြတ်သွားသော ခြေလက်များကို ဆားရည်ဖြင့် စိမ်၍ ဆေးကြောခြင်းများ မပြုလုပ်ဘဲ ခြောက်သွေ့ စေရန် ပြုလုပ်ပြီး အအေးခံကာ ယူဆောင် လာပါက ပြန်ဆက်ရာတွင် အဆင်ပြေ လွယ်ကူမှု ရှိကြောင်း သိရသည်။ ထိုသို့ ပြတ်တောက်မှုများ ဖြစ်ပွားပါက လူနာရှင် များသည် လိုအပ်သော အကြံဉာဏ်များ ရရှိနိုင်စေရန်နှင့် ဆေးရုံ၌ ကြိုတင်စီစဉ် ဆောင်ရွက် ထားနိုင်စေရန် အရေးပေါ် ကုသဌာနသို့ ဖုန်းကြိုဆက်၍ သတင်းပေးပို့ သင့်ကြောင်း သိရသည်။

ထို့အပြင် လက်မောင်း၊ တံတောင်ဆစ်နှင့် လက်ကောက်ဝတ် စသည်တို့ ပြတ်တောက် သွားပါက ၁၂ နာရီမှ ၂၄ နာရီအတွင်း၊ လက်ချောင်းများ ပြတ်တောက် သွားပါက ၂၄ နာရီမှ နာရီ ၃ဝ အတွင်း အချိန်မီ လာရောက်၍ ဆေးကုသပြီး ပြန်ဆက်၍ ကုသလျှင် ရနိုင်ကြောင်းနှင့် မည်သည့် ပြတ်တောက်မှု မဆို ပြတ်တောက်ပြီး နောက် ခြောက်နာရီ အတွင်း ယူဆောင်လာကာ ခွဲစိတ်ကုသမှု ခံယူပါက အကောင်းဆုံး ပြန်ဆက်၍ ကုသနိုင်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment