Pages

Wednesday, April 1, 2015

ထိုင်းနိုင်ငံရှိ မြန်မာရေလုပ်သားများ တရားဝင်မှတ်ပုံတင်နိုင်ရန် One Stop Service စင်တာများ ဖွင့်လှစ်မည်



ရန်ကုန် ၊ ၁-၄-၂၀၁၅

ထိုင်းနိုင်ငံရှိ မြန်မာ ရေလုပ်သားများ တရားဝင် မှတ်ပုံတင်နိုင်ရန် ထိုင်းနိုင်ငံ ကမ်းရိုးတန်း ဒေသ တစ်လျှောက်ရှိ မြို့ကြီး (၂၂)မြို့တွင် One Stop Service စင်တာ များဖွင့်လှစ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

၎င်းအတွက် နှစ်နိုင်ငံ အစိုးရများကြား သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သည်ဟု မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။ ထိုင်းနိုင်ငံတွင် မြန်မာ ရေလုပ်သားများ လူ့အခွင့်အရေး ချိုးဖောက်ခံ နေရမှုအပေါ် ထိုင်းဘုရင့် ရဲတပ်ဖွဲ့၊ ထိုင်း အလုပ်သမား ဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ အဖွဲ့အစည်း များကြား နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုး ထားသကဲ့သို့ INGO အဖွဲ့များကြား တွင်လည်း နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုး ထားကြောင်း သိရသည်။

ထို့ကြောင့် ထိုင်းနိုင်ငံရောက် မြန်မာ ရေလုပ်သား များသည် ရေရှည်တွင် တရားဝင် လုပ်ကိုင်နိုင်၍ အလုပ်သမား အခွင့်အရေး တရားဝင်ရရှိရန် ကြိုးစား သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ One Stop Service စင်တာများ ဖွင့်လှစ်ရန် ထိုင်း-မြန်မာ ရဲအရာရှိများ အစည်းအဝေး ကို မတ် ၁၉ ရက်နှင့် ၂ဝ ရက်တို့တွင် ကျင်းပခဲ့ကာ မြန်မာ ရဲအရာရှိများသည် ဖွင့်လှစ်မည့် ကမ်းရိုးတန်းသို့ ၂၁ ရက်နှင့် ၂၂ ရက်တို့က သွားရောက် လေ့လာခဲ့ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထိုင်းနိုင်ငံအတွင်း သွားရောက် လုပ်ကိုင် နေကြသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အလုပ်လုပ်ခွင့် ပန်းရောင်ကတ်များ မတ်လ ၃၁ ရက် နောက်ဆုံးထား ပြုလုပ်ရန် ထိုင်းအစိုးရ ဘက်မှ ကြေညာထားသည်။ ယခုလက်ရှိ ထိုင်းနိုင်ငံတွင် ပန်းရောင်ကတ် ကိုင်ဆောင် ထားသော မြန်မာ အလုပ်သမား ခြောက်သိန်းခန့် ရှိပြီး၊ ရေလုပ်သား များတွင် အထောက်အထား မရှိကြောင်း သိရသည်။

''မြန်မာနိုင်ငံက ရေလုပ်သား တွေမှာ ဘာ အထောက်အထားမှ မရှိဘူး။ ရောင်းစားလိုက် ကတည်းက ပွဲစားတွေက ပတ်စ်ပို့တွေကို သိမ်းလိုက်ပြီး ငါးဖမ်း လုပ်ငန်းမှာ လုပ်နေတဲ့ လူတော်တော် များများဟာ ရောင်းစားခံထား ရတာ များပါတယ် '' ဟု ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားရေးရာ များကို လေ့လာနေသူ တစ်ဦးက ပြောပြ၍ သိရသည်။

ကျော်လွင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment