Pages

Wednesday, April 1, 2015

အရည်အသွေးရှိသော သစ်မွှေးကို စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရန် မျိုးကောင်းမျိုးသန့် မူလမျိုးရိုးဗီဇကို ကာကွယ်ထိန်းသိမ်းရန်လို


ကချင်ပြည်နယ်ရှိ စီးပွားဖြစ် သစ်မွှေးစိုက်ခင်း

မန္တလေး ၊ ၁-၄-၂၀၁၅

အရည်အသွေး ကောင်းမွန်သော သစ်မွှေးကို စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရန် မျိုးကောင်းမျိုးသန့် မူလ မျိုးရိုးဗီဇကို ကာကွယ် ထိန်းသိမ်းရန် အဓိက လိုအပ်သည် ဟု ကချင်ပြည်နယ် သစ်မွှေး ဝါသနာရှင်များ အသင်း အတွင်းရေးမှူး ထံမှ သိရသည်။

''မြန်မာ့သစ်မွှေးဟာ ကမ္ဘာမှာ နံပါတ်တစ် အကောင်းဆုံး ဖြစ်ပါတယ်။ ဒီလို အရည်အသွေး ကောင်းတဲ့ သစ်မွှေးကို တရားဝင် နည်းလမ်းနဲ့ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ဖို့ မူလမျိုးရိုးကို ကာကွယ် ထိန်းသိမ်း ရပါမယ်။ လက်ရှိမှာတော့ သုတေသနပြု လေ့လာချက်တွေ အရ မျိုးရိုးဗီဇ မှန်တာက ၁ဝ ရာခိုင်နှုန်း လောက်ပဲ ကျန်ပါ တော့တယ်။ ဒါကို ကချင်ပြည်နယ် သစ်မွှေး ဝါသနာရှင်များ အသင်းက တတ်နိုင် သလောက် ထိန်းသိမ်း ကာကွယ် နေပါတယ်။ အဓိကကတော့ သစ်မွှေး စိုက်ပျိုးတဲ့ သူတွေကို ပညာပေး လုပ်ငန်းတွေ ဆောင်ရွက် နေပါတယ်'' ဟု မန္တလေး တက္ကသိုလ် သတ္တဗေဒဌာန မှ သုတေသန စာတမ်းရှင် တစ်ဦးက ပြောပြသည်။

သစ်မွှေးသည် ကမ္ဘာပေါ်တွင် လွန်ခဲ့သော နှစ်ပေါင်း ၄ဝဝဝ ကျော်က စတင်တွေ့ရှိ ခဲ့ကြောင်း၊ အသုံးပြုမှုကို လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော်က အသုံးပြုခဲ့ပြီး သစ်မွှေး ထွက်ရှိသော နိုင်ငံပေါင်း ၂ဝ ကျော် ရှိကြောင်း၊ အဆိုပါ နိုင်ငံပေါင်း ၂ဝ ကျော်တွင် မြန်မာနိုင်ငံ ပါဝင်ပြီး ကမ္ဘာပေါ်တွင် မြန်မာ့သစ်မွှေး သည် အကောင်းဆုံး ဖြစ်ကြောင်း သစ်မွှေး လေ့လာ သုတေသန ပြုလုပ်သူ ပညာရှင်များ ထံမှ သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် သစ်မွှေးမျိုးစိတ် ကိုးမျိုးကို တွေ့ရှိ ထားသည်ဟု ကချင်ပြည်နယ် သစ်မွှေး ဝါသနာရှင်များ အသင်း၏ လေ့လာချက် များအရ သိရသည်။ အဆိုပါ အသင်းသည် မျိုးရိုးဗီဇ ထိန်းသိမ်းမှု အနေဖြင့် ရေရှည် မျိုးကောင်းရရှိ စေရန်အတွက် မျိုးစေ့ထုတ် ဧရိယာကို မြစ်ကြီးနားမြို့နယ် အင်ခိုင်ဘွမ်တောင် နှင့် မိုးညှင်းခရိုင်၊ ဟိုပင်မြို့တို့တွင် တည်ထောင် ထားပြီး အပြည်ပြည် ဆိုင်ရာမှ လက်ခံနိုင်သော တရားဝင် သစ်မွှေးပင် ဆေးသွင်းမှု စနစ် ခွင့်ပြုမိန့်နှင့် CITES တရားမဝင် ကုန်သွယ်မှု ပြုလုပ်နေသော အပင်နှင့်သတ္တဝါများ တားဆီးရေး ကွန်ဗင်းရှင်းကို ရရှိရန် အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။

မှန်ကန် ကောင်းမွန်ပြီး အရည်အသွေး ရှိသော သစ်မွှေး ရရှိရန် အတွက် မှန်ကန်သော ဆေးသွင်းနည်း လိုအပ်ကြောင်း၊ သစ်မွှေး စိုက်ပျိုးသူများ အနေဖြင့် ဆေးသွင်း လိုပါက တရားဝင် မှတ်ပုံတင် ထားသော ဆေးဖြင့်သာ 

သွင်းသင့်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် သစ်မွှေး ဆေးသွင်းလျက် ရှိသော အချို့သော ကုမ္ပဏီများမှာ စိုက်ပျိုးသူများ အပေါ်တွင် တာဝန်ယူမှု မရှိကြောင်း၊ မှန်ကန်သော ဆေးမှာလည်း ကမ္ဘာ့သစ်မွှေး ပညာရှင် ဒေါက်တာ ဘရန့်ချက် ၏ ဆေးသွင်းမှု တစ်ခုတည်းသာ ရှိကြောင်း သိရသည်။

မြန်မာ့သစ်မွှေး သည် ကမ္ဘာ့အလယ်တွင် အရည်အသွေး ပိုင်း၌ နံပါတ်တစ် ဖြစ်နေသောကြောင့် မျိုးရိုးဗီဇ ပျက်စီးစေရန် မသမာသူတို့က လုပ်ဆောင် နိုင်ကြောင်း၊ လက်ရှိ အခြေအနေတွင် စိုက်ပျိုးပင် သိန်း ၆ဝ ခန့်အနက် မျိုးရိုးဗီဇ ပျက်စီးမှု ၉ဝ ရာခိုင်နှုန်း ရှိပြီး ၁ဝ ရာခိုင်နှုန်းခန့်သာ မှန်ကန်သော မျိုးကျန်ရှိ နေကြောင်း၊ ထို့ကြောင့် အရည်အသွေး ကောင်းသော သစ်မွှေးကို စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရန် အတွက် မူလမျိုးရိုးကို မျိုးသုဉ်း ပျောက်ကွယ်ခြင်း မရှိစေရန် ကာကွယ် ထိန်းသိမ်းရမည် ဖြစ်သည်ဟု သစ်မွှေးပညာရှင် များထံမှ သိရသည်။ (၁၈ဝ)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment