Pages

Wednesday, April 1, 2015

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)က ပြည်တွင်းဈေးကွက်ရှိ ဆေးပစ္စည်းကိရိယာများကို စစ်ဆေးမည်

ရန်ကုန် ၊ ၁-၄-၂၀၁၅

အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA) က ပြည်တွင်း ဈေးကွက်ရှိ ဆေးပစ္စည်း ကိရိယာများကို အာဆီယံ အရည်အသွေး စံသတ်မှတ်ချက် များနှင့်အညီ စစ်ဆေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန FDA မှ သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ၂ဝ၁၄ ခုနှစ်က အာဆီယံ ဆေးပစ္စည်း ညွှန်ကြားချက်တွင် စတင် လက်မှတ် ရေးထိုးခဲ့သည့် အတွက် ယခုကဲ့သို့ ပြည်တွင်း ဈေးကွက်ရှိ ဆေးပစ္စည်း ကိရိယာများကို အာဆီယံ အရည်အသွေး စံသတ်မှတ်ချက် များနှင့် အညီ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဈေးကွက် အတွင်းရှိ အစားအသောက် နှင့် အလှကုန်များ ကိုလည်း အာဆီယံ နိုင်ငံများက မှီငြမ်း ထားသည့် စံသတ်မှတ်ချက် များနှင့် အညီ စစ်ဆေးမှု စတင်နေပြီ ဖြစ်ကြောင်း သိရသည်။ အလှကုန် ပစ္စည်းများ စစ်ဆေးခြင်းကို ၂ဝ၁၁ ခုနှစ်အတွင်း ထုတ်ပြန် ခဲ့သည့် အလှကုန် ပစ္စည်း ညွှန်ကြားချက် များနှင့်အညီ မှတ်တမ်းတင် ရပြီး မှတ်တမ်းတင် ထားခြင်း မရှိသည့် အလှကုန် များကို FDA မှ ထုတ်ပြန် ကြေညာ ထားကြောင်း သိရသည်။

FDA အနေဖြင့်လည်း အစားအစာ၊ ဆေးဝါးနှင့် ဆေးပစ္စည်း ကိရိယာများ၊ အလှကုန်များ မှတ်ပုံတင်ခြင်း များကို ပြည်သူများ သိရှိရန် ထုတ်ပြန်မည့် အင်တာနက် ဝက်ဘ်ဆိုက် စာမျက်နှာ ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး စားသုံးသူများ အနေဖြင့် တရားမဝင် မှတ်ပုံတင် ထားခြင်း မရှိသည့် ကုန်ပစ္စည်းများ ရွေးချယ် ဝယ်ယူနိုင်မည် ဖြစ်ကာ ထုတ်လုပ်သည့် စက်ရုံ၊ ကုန်ပစ္စည်း၊ ထုပ်ပိုး အရွယ်အစား အလိုက် အာမခံချက်ရှိစွာ ဝယ်ယူ သုံးစွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနသည် စံနှုန်း သတ်မှတ်ချက် လုပ်ငန်းများ ပြုလုပ်နေပြီး လာမည့် အာဆီယံ စီးပွားရေး အသိုက်အဝန်း ပေါင်းစည်းမှုတွင် ကုန်စည် စီးဆင်းမှု၊ သွင်းကုန် ထုတ်ကုန် လုပ်ငန်းများတွင် ဆက်စပ်နေသည့် စားသုံးသူ အကာအကွယ် ပေးရေး လုပ်ငန်းများ၌ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိကာ သွင်းကုန်များတွင် တစ်ဖက် နိုင်ငံ၏ စစ်ဆေး ထောက်ခံချက်များ၊ သွင်းကုန် လက်ခံသည့် နိုင်ငံများ၏ စားသုံးသူ အကာအကွယ် ပေးဆိုင်ရာ လုပ်ထုံးလုပ်နည်း များကို ကြိုတင် ပြင်ဆင်ထားလျက် ရှိကြောင်းလည်း သိရသည်။

ကျော်လွင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment