Pages

Wednesday, April 1, 2015

မလေးရှားနှင့် ထိုင်းနိုင်ငံသို့ အလုပ်သမား သံအရာရှိတစ်ဦးစီ ထပ်မံစေလွှတ်မည်


ရန်ကုန် ၊ ၁-၄-၂၀၁၅

မြန်မာ ရွှေ့ပြောင်း အလုပ်သမား အများအပြား အလုပ် လုပ်ကိုင်လျက် ရှိသော မလေးရှားနှင့် ထိုင်းနိုင်ငံသို့ ဧပြီလ အတွင်း၌ အလုပ်သမား သံအရာရှိ တစ်ဦးစီ ထပ်မံ စေလွှတ်သွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား များ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ရန်၊ အလုပ်ရှင် များ၏ မတရား ခေါင်းပုံဖြတ်မှုမှ အကာအကွယ် ပေးနိုင်စေရန် နှင့် ပြည်ပနိုင်ငံ များ၌ မြန်မာ အလုပ်သမားများ တရားဝင် အလုပ် လုပ်ကိုင်နိုင် စေရန် စသည့် ရည်ရွယ်ချက် များဖြင့် အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ မြန်မာရွှေ့ပြောင်း အလုပ်သမား အများအပြား သွားရောက် လုပ်ကိုင်လျက် ရှိသော နိုင်ငံများသို့ အလုပ်သမား သံအရာရှိ တစ်ဦးစီ ပို့ဆောင် စေလွှတ်လျက် ရှိသည်။

ထိုသို့ ပို့ဆောင် စေလွှတ်ရာတွင် တချို့ နိုင်ငံများ၌ မြန်မာ အလုပ်သမား များနှင့် သက်ဆိုင်သော ပြဿနာများကို ကိုင်တွယ် ဖြေရှင်းရာ၌ အလုပ်သမား သံအရာရှိ တစ်ဦးတည်းနှင့် လုံလောက်မှု မရှိသောကြောင့် သံအရာရှိ တစ်ဦးစီ ထပ်မံခန့်အပ် စေလွှတ်ရန် စီစဉ် ဆောင်ရွက်ရခြင်း ဖြစ်ပြီး အလုပ်သမား သံအရာရှိများ မခန့်ထား နိုင်သေးသော နိုင်ငံများ သို့လည်း သံအရာရှိများ ခန့်အပ် စေလွှတ်နိုင်ရန် အစီအစဉ်များ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ အလုပ်သမား သံအရာရှိများ ခန့်အပ် စေလွှတ်ရာတွင် သက်ဆိုင်ရာ နိုင်ငံများမှ တာဝန်ရှိ သူများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး ၂ဝ၁ဝ ပြည့်နှစ်တွင် တောင်ကိုရီးယား နိုင်ငံသို့ လည်းကောင်း၊ ၂ဝ၁၁ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ လည်းကောင်း၊ ၂ဝ၁၃ ခုနှစ်တွင် မလေးရှား နိုင်ငံသို့ လည်းကောင်း အလုပ်သမား သံအရာရှိများ အသီးသီး ခန့်အပ် စေလွှတ် ခဲ့ကြောင်းနှင့် စေလွှတ်ခဲ့သော အလုပ်သမား သံအရာရှိများ ကို အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန နှင့် International Organization for Migration (IOM) တို့ ပူးပေါင်း၍ လိုအပ်သော သင်တန်းများ သင်ကြားပို့ချ ပေးခဲ့ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment