Pages

Wednesday, April 22, 2015

နိုင်ငံပေါင်း ၆၄ နိုင်ငံသို့ ဆန်တင်ပို့နိုင်ခဲ့သည့်အတွက် ပြည်ပတင်ပို့မှု မျှော်မှန်းချက်ထက် ကျော်လွန်


ရန်ကုန် ၊ ၂၂-၄-၂၀၁၅

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်များကို ပြည်ပနိုင်ငံ များသို့ တင်ပို့ရောင်းချ ရာတွင် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် အတွင်း နိုင်ငံပေါင်း ၆၄ နိုင်ငံသို့ တင်ပို့ရောင်းချ နိုင်ခဲ့သည့် အတွက် ပြည်ပဆန် တင်ပို့မှု မျှော်မှန်း လျာထားချက်ကို ကျော်လွန် ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် အတွင်း ပြည်ပဆန် တင်ပို့မှုကို ၁ ဒသမ ၅ သန်း တင်ပို့ရောင်းချ နိုင်ရန် မျှော်မှန်းထားခဲ့  သော်လည်း ပြည်ပဆန် တင်ပို့မှုမှာ စုစုပေါင်း တန်ချိန် ၁ ဒသမ ၇ သန်းရှိခဲ့ပြီး အဆိုပါ တင်ပို့မှုမှာ တန်ဖိုး အမေရိကန် ဒေါ်လာ ၆၄၅ သန်းနီးပါး ရှိခဲ့ကြောင်း သိရသည်။

ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ ရာတွင် တရုတ်၊ ဂျပန်နှင့် တခြား အာရှနိုင်ငံများ အပြင် ဥရောပနှင့် အာဖရိကနိုင်ငံ များသို့ တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုကဲ့သို့ တင်ပို့နိုင်ခဲ့သည့် အတွက် ပြည်ပ ဆန်တင်ပို့မှုသည် ၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာနှစ် အတွင်း ၄ဝ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်ပ ဆန်တင်ပို့မှုမှာ တန်ချိန် ၁ ဒသမ ၂ သန်းခန့် ရှိခဲ့ပြီး ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁ ဒသမ ၄၇ သန်း ရှိခဲ့ကြောင်း၊ ပြည်ပ ဆန်တင်ပို့မှုမှာ နှစ်စဉ် တိုးတက် လာနေသည့် အတွက် နိုင်ငံတော်မှ မျှော်မှန်းထားသည့် ပြည်ပ တင်ပို့မှု တန်ချိန် ၄ သန်းကို ၂ဝ၂ဝ ပြည့်နှစ်တွင် ရောက်ရှိ သွားနိုင်ကြောင်း သိရသည်။

ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ ရောင်းချရာတွင် မြန်မာနိုင်ငံမှ ဆန်များကို အများဆုံး ဝယ်ယူနေသည့် တရုတ်နိုင်ငံ မှလည်း တိုးမြှင့် ဝယ်ယူလာ သကဲ့သို့ ဥရောပ၊ ဂျပန်နှင့် တခြား နိုင်ငံများသို့လည်း ဆန်တင်ပို့မှုမှာ တိုးတက်လာကြောင်း သိရသည်။

တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမှ ဆန်အများဆုံး ဝယ်ယူနေသည့် နိုင်ငံ တစ်နိုင်ငံအဖြစ် ရှိနေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသို့ တင်ပို့သော ဆန်အများစုမှာ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှ ထွက်ရှိသည့် ဆန်များဖြစ်ပြီး ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် တို့ရှိ နယ်စပ် ကုန်သွယ်ရေး စခန်းများမှ တစ်ဆင့် တင်ပို့ ရောင်းချနေခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ကံထူး

#Themyawadydaily

No comments:

Post a Comment