Pages

Saturday, March 28, 2015

မိုးရွာသွန်းမှု လျော့နည်းခြင်းကြောင့် ဧရာဝတီမြစ်ရေ ဆက်လက်ကျဆင်း၍ ရေယာဉ်များ သွားလာမှုနှောင့်နှေး



မန္တလေး ၊ ၂၈-၃-၂၀၁၅

ယခုနှစ်တွင် ဧရာဝတီမြစ် အတွင်း မြစ်ရေ ကျဆင်းမှုမှာ ယခင်နှစ် များထက် အချိန်စော၍ လျော့နည်း ကျဆင်းလျက်ရှိရာ မြစ်ရေလျော့နည်း ကျဆင်းရခြင်း ၏ အဓိက အကြောင်းရင်းမှာ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှု များကြောင့် မိုးရွာသွန်းမှု လျော့နည်း၍ ဖြစ်ကြောင်း အထက် မြန်မာပြည်မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ထံမှ သိရသည်။

မန္တလေးမြို့၏ ဧရာဝတီမြစ် ရေနည်းမှတ်သည် စင်တီမီတာ ၃၆ဝ ဖြစ်ပြီး မတ်လဆန်းနှင့် ဒုတိယပတ်တွင် ဧရာဝတီမြစ် သည် ၃၁၉ စင်တီမီတာထိ ကျဆင်းခဲ့ကြောင်း တိုင်းထွာချက်များ အရ သိရသည်။ ထိုသို့ ကျဆင်းခဲ့ရာမှ မတ် ၁၈ ရက်တွင် ဧရာဝတီ မြစ်ရေသည် စင်တီမီတာ ၃၃ဝ ထိ ပြန်လည် မြင့်တက်ခဲ့သည်။ ထိုကဲ့သို့ မြစ်ရေ အနည်းငယ် ပြန်လည်မြင့်တက် ရခြင်းသည် ဧရာဝတီမြစ် အထက်ပိုင်းရှိ ရေခဲတောင်များ အရည်ပျော် ခြင်းကြောင့် ဖြစ်ပြီး ရက်အနည်းငယ် အတွင်း ၃၁၉ စင်တီမီတာ ခန့်ထိ ပြန်လည် ကျဆင်း သွားနိုင်ကြောင်း သိရသည်။

''ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးရွာသွန်းမှုတွေ နည်းခဲ့တယ်။ ဒါကြောင့် မြစ်တွေ ရေလျော့နည်း လာတာဖြစ်တယ်။ မြန်မာနိုင်ငံက အပူပိုင်းဒေသ ဖြစ်တော့ အထက်ပိုင်းမှာ ရေခဲတောင် အနည်းငယ် ရှိပြီး ရေခဲတောင် အရည်ပျော်မှ မြစ်ရေ အနည်းငယ် မြင့်တက် နိုင်တယ်။ ဒီလိုဖြစ်တာလဲ နည်းပါတယ်။ အဓိကကတော့ မိုးမရွာလို့ ဖြစ်တာပါ '' ဟု ၄င်းက ဆက်လက် ပြောပြသည်။

သဘာဝအလျောက် ဖြစ်သည့် မိုးရွာခြင်း၊ မိုးခေါင်ခြင်း၊ မြစ်ရေကြီးခြင်း၊ လျော့နည်းခြင်း များသည် နှစ်စဉ်နှင့်အမျှ ကြုံတွေ့ နေရကြောင်း၊ မန္တလေးမြို့၏ အဓိက ရေကြောင်းလမ်းမှာ ဧရာဝတီမြစ် ဖြစ်ပြီး ကုန်စည် စီးဆင်းမှု တွင်လည်း အဓိက အသုံးပြုကြောင်း၊ မြစ်ရေ လျော့နည်း ကျဆင်းမှုကြောင့် ရေကြောင်း သွားရေယာဉ်များ သွားလာမှု နှောင့်နှေးလျက် ရှိပြီး ရာသီဥတု ပြောင်းလဲမှုသည် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်သည့် အပြင် နောက်ဆက်တွဲ ဆိုးကျိုးများလည်း ဖြစ်ပေါ်ကြောင်း သိရသည်။ (၁၈ဝ)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment