Pages

Saturday, March 28, 2015

ကောင်းမွန်သော ၀န်းကျင်သစ်


ကောင်းမွန်သော ၀န်းကျင်သစ်

မျက်မှောက် ကာလတွင် ဒေသတွင်း နိုင်ငံများ၌ ကောင်းမွန်သော ဝန်းကျင်သစ်၊ တိုးတက်သည့် လူမှုဘဝ ပုံစံသစ်များဖြင့် ပြောင်းလဲဖြစ်ထွန်း နေပြီဖြစ်သည်။ နိုင်ငံ တော်တော် များများတွင် ကျေးလက်ဒေသများ ဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်ပေး နေသည်ကို တွေ့ရသည်။ ထို့ပြင် မြို့ပြများ အဆင့် မြှင့်တင်ခြင်းနှင့် မြို့သစ်များ ဖော်ထုတ်ခြင်းကို ဦးစားပေး ဆောင်ရွက် နေကြသည်။

နိုင်ငံတိုင်း နိုင်ငံတိုင်း၌ ပြည်သူ အများစုမှာ ကျေးလက်ဒေသ များတွင် နေထိုင်ကြ သော်လည်း နှစ်ကာလ ကြာမြင့်သော အခါ ရေကြည်ရာ မြက်နုရာ ရှာဖွေသကဲ့သို့ လူမှုဘဝ မြင့်မားရေးနှင့် စီးပွားဥစ္စာ တိုးပွားနိုင်သည့် မြို့ပြများသို့ ပြောင်းရွှေ့ နေထိုင် လာကြသည်။ ဤသည်မှာ ရှည်လျားသော လူ့သမိုင်း၏ သဘာဝဖြစ်ပြီး ၄င်းသဘာဝကို လျစ်လျူရှု ထားပါက မြို့ပြနှင့် ကျေးလက် ကွာဟချက် ကြီးမားပြီး စိန်ခေါ်မှုနှင့် ဆုတ်ယုတ်မှုများ မြင့်မားလာမည် ဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ပေး နေသကဲ့သို့ မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများ ကိုလည်း ဦးစားပေး ဆောင်ရွက် လာသည်ကို တွေ့ရသည်။ ထို့ကြောင့် သန်းပေါင်း များစွာသော ပြည်သူများ ပြောင်းရွှေ့ နေထိုင်ကြမည် ဖြစ်သည့် မြို့ကြီးများတွင် မြို့ပြ စီမံကိန်းများကို စနစ်တကျ ချမှတ်ရမည် ဖြစ်သည်။

ထို့ပြင် ပြည်သူ့ရေးရာ ဝန်ဆောင်မှုများ အတွက် လိုအပ်သည့် အခြေခံ အဆောက်အအုံ များကို အဆင့်အတန်း မြှင့်တင် သွားရမည် ဖြစ်သည်။ ပြည်သူများ လက်လှမ်းမီ စေနိုင်သည့် အိမ်ရာစီမံကိန်း များနှင့် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ပေါ်ပေါက်အောင် ဆောင်ရွက်ပြီး မြို့ပြများတွင် ပြည်သူများ ကျန်းမာ ပျော်ရွှင်စွာ နေထိုင်နိုင်ရန် ကြိုးပမ်း သွားကြရမည် ဖြစ်သည်။

ထိုသို့ ကောင်းမွန်သော ဝန်းကျင်သစ် များကို ဖော်ဆောင်ရာတွင် အရေးကြီးသည့် စိန်ခေါ်မှု တစ်ရပ်မှာ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်မှု များကို ပြည်သူအများစု လက်လှမ်းမီ ပါဝင်ခံစား နိုင်ခြင်း ဖြစ်သည်။ ထို အခြေအနေ များကို ဒေသတွင်း၌ ဖော်ဆောင် ပေးလျက်ရှိရာ သန်းပေါင်း များစွာသော ပြည်သူများဘဝ တိုးတက် ကောင်းမွန် လာသည်ကို တွေ့ရ သကဲ့သို့ ဆင်းရဲ၊ ချမ်းသာ ကွာဟချက်များ၊ လူမှုစီးပွား မညီမျှမှုများ ရှိနေဆဲ ဖြစ်သည်။

ပြည်သူများ အတွက် ဒေသတိုင်း၌ နေထိုင်ရေးနှင့် သွားလာ ဆက်သွယ်ရေး လုပ်ငန်းများမှာ အရေးကြီးသည်။ ထို့ကြောင့် ပြည်သူများ စီးပွားရေး ဖွံ့ဖြိုးတိုးတက် နေမှသာ လူမှုဘဝများ ထာဝရ မြင့်မား တိုးတက်ကာ အစဉ်တည်တံ့ ခိုင်မြဲတိုးတက် နေပြီး ရွှေ့ပြောင်း ထွက်ခွာမှုများ လျော့နည်း သွားမည် ဖြစ်သည်။

သို့ဖြစ်ရာ ဒေသဖွံ့ဖြိုးရေး အတွက် လူ့အဖွဲ့အစည်း များ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှု လက်ရှိ အခြေအနေ များကို ပကတိထင်ဟပ် ပေါ်လွင်စေမည့် အတွေးအမြင် အကြံဉာဏ်ကောင်း များဖြင့် လက်တွေ့ကျကျ ဝိုင်းဝန်း ဆောင်ရွက်မှသာ ပိုမို ကောင်းမွန်သော ဝန်းကျင်သစ်ကို ရရှိနိုင်မည်ဟု ယုံကြည်မိ ပါကြောင်း ရေးသား လိုက်ရပေသည်။

(အယ်ဒီတာ့အာဘော်)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment