Pages

Sunday, March 8, 2015

ကျိုက်ထီးရိုးတောင် ကေဘယ်လ်ကား စီမံကိန်းပြီးစီးပါက ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ ယခင်နှစ်ထက် ပိုမိုဝင်ရောက် လာဖွယ်ရှိ



ရန်ကုန် ၊ ၈-၃-၂ဝ၁၅

ကျိုက်ထီးရိုး တောင်တော်နှင့် ရသေ့တောင် တို့ကို ကေဘယ်လ်ကားဖြင့် ဆက်သွယ်ကာ သွားရောက်နိုင်ရန် ဆောင်ရွက်လျက် ရှိပြီး ၄င်း စီမံကိန်း ပြီးစီးပါက ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ ပိုမိုဝင်ရောက် လာနိုင်ဖွယ်ရှိ ကြောင်း ကျိုက်ထီးရိုးတောင် ရှေးဟောင်း ယဉ်ကျေးမှုဇုန် ဝင်ကြေး ကောက်ခံရေးရုံး တာဝန်ခံ အရာရှိ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

လက်ရှိအချိန်တွင် ကျိုက်ထီးရိုး စေတီတော် ရင်ပြင်အခြေ အထိ မော်တော်ယာဉ် များဖြင့် အဆင်ပြေစွာ တက်ရောက် ဖူးမြော် နိုင်ရန် စီစဉ်ဆောင်ရွက် ပေးထားသော်လည်း ဘေးအန္တရာယ် ကင်းရှင်းစေရေး မော်တော်ယာဉ် တစ်စီးနှင့် တစ်စီး အချိန်ခွာ၍ ပြေးဆွဲပေး နေရသည့် အတွက် အချိန် နှောင့်နှေးကြောင်း၊ အဆိုပါ ကေဘယ်လ်ကား စီမံကိန်း ပြီးစီးပါက ကျိုက်ထီးရိုးတောင် ပတ်ဝန်းကျင် သဘာဝ ရှုခင်းများအား အပေါ်စီးမှ ကြည့်ရှု ခံစားနိုင်မည့် အပြင် ကျိုက်ထီးရိုး တောင်ပေါ်သို့ လွယ်ကူစွာ တက်ရောက် နိုင်သောကြောင့် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ စိတ်ဝင်စားမှု မြင့်တက် လာနိုင်ဖွယ်ရှိကာ ခရီးသွား ဧည့်သည်များ ပိုမို ဝင်ရောက် လာနိုင်ကြောင်း သိရသည်။

ယင်း စီမံကိန်းသည် မြန်မာနိုင်ငံ အတွင်း ပထမဆုံးသော ကေဘယ်လ်ကား စီမံကိန်း တစ်ခုဖြစ်ပြီး ယင်း စီမံကိန်း အတွက် အမေရိကန် ဒေါ်လာ သန်း ၂ဝ ကုန်ကျမည် ဖြစ်ကြောင်း၊ စီမံကိန်း ပြီးစီးပါက ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ အပြင် သက်ကြီးရွယ်အို များပါ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် အား အဆင်ပြေ လွယ်ကူစွာ သွားရောက် ဖူးမြော် နိုင်မည်ဖြစ်ကြောင်း၊ ယခု စီမံကိန်းကို ဇန်နဝါရီလမှ စတင်လျက် ရှိပြီး ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက် ရရှိခဲ့ကြောင်း သိရသည်။

ကျိုက်ထီးရိုး ရှေးဟောင်း ယဉ်ကျေးမှုဇုန် အတွင်းသို့ ကမ္ဘာလှည့် ခရီးသွား ဧည့်သည် လာရောက်မှု များမှာ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလတွင် ဦးရေ ၁၄၈၇၆ ဦးစံချိန်တင် ဝင်ရောက်ခဲ့ပြီး ဇုန်ဝင်ကြေး အဖြစ် ငွေကျပ် ၈၉၂ ဒသမ ၅၆ သိန်း ရရှိခဲ့ကာ ဒီဇင်ဘာလ တွင် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်ဦးရေ ၁၄၄၂၅ ဦး လာရောက်ခဲ့ပြီး ဇုန်ဝင်ကြေး အဖြစ် ငွေကျပ် ၈၆၅ ဒသမ ၅ သိန်း ရရှိခဲ့သည်။

ကျိုက်ထီးရိုး ရှေးဟောင်း ယဉ်ကျေးမှုဇုန် သို့ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလမှ ၂ဝ၁၅ ခုနှစ် အထိ ကမ္ဘာလှည့် ခရီးသွား ဧည့်သည် ဦးရေ ၁၄၅၃၄၈ ဦး ရောက်ရှိခဲ့ပြီး ဇုန်ဝင်ကြေး အဖြစ် ငွေကျပ် ၈၇၂ဝ ဒသမ ၈၈ သိန်း ရရှိ ခဲ့ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment