Pages

Monday, March 9, 2015

ချမ်းမြေ့ပျော်ရွှင်သော ဘဝပတ်ဝန်းကျင် ဖန်တီး


ချမ်းမြေ့ပျော်ရွှင်သော ဘဝပတ်ဝန်းကျင် ဖန်တီး

လောက လူသားတိုင်းသည် ပတ်ဝန်းကျင် အသိုင်းအဝိုင်းနှင့် ဆက်နွှယ်နေထိုင် ကြရသည့် အားလျော်စွာ မိမိဘဝ ရပ်တည်မှု အတွက် အခြားသူများအား ထိခိုက်နစ်နာမှု မရှိစေဘဲ မိမိအတွက်လည်း အကျိုးရှိ အခြားသူများ အတွက်လည်း အကျိုးရှိစေမည့် မှန်ကန်သော အသက်ရှင် ရပ်တည်နိုင်မှု ဖြစ်ရပေမည်။ လူတစ်ဦးအဖို့ မှန်ကန်သော အသက်ရှင် ရပ်တည်နိုင်မှုဖြင့် ဘဝ တည်ဆောက်ရန် ရည်မှန်းချက် တစ်ခုကို ခိုင်ခိုင်မြဲမြဲ ချမှတ်၍ ဇွဲရှိရှိဖြင့် လုံ့လ စိုက်ထုတ်မှသာ ပေါက်မြောက် အောင်မြင် နိုင်မည် ဖြစ်သည်။

ရည်မှန်းချက် ပေါက်မြောက် စေရန် မိမိ ဝါသနာပါသော လုပ်ငန်းနှင့် သက်ဆိုင်သည့် အသိပညာ၊ အတတ်ပညာ တို့ကို သင်ယူလေ့လာ ဆည်းပူးထားရန် လိုအပ်သည်။ မိမိ ဝါသနာပါသော လုပ်ငန်းနှင့် သက်ဆိုင်သည့် ပညာရပ် များကို လေ့လာဆည်းပူး သင်ယူထား စေကာမူ ဝါသနာပါသော လုပ်ငန်းကို ခွင့်မရဘဲ အခြား လုပ်ငန်းနယ်ပယ် တွင်သာ လုပ်ကိုင်ခွင့် ရလျှင်လည်း မိမိလုပ်ငန်းနှင့် သက်ဆိုင်သော အခြေခံ သဘောတရား၊ လုပ်နည်းလုပ်ဟန် နှင့် အထွေထွေ ဗဟုသုတ တို့ကို သိမြင် နားလည်အောင် လေ့လာဆည်းပူး နေကြရန် လိုအပ်သည်။ မိမိ ဝါသနာပါသည့် အလုပ်ကို ရွေးချယ်ခွင့် မရှိ၊ ရွေးလို့လည်း မရတော့လျှင် ရလာသည့် အခြေအနေ အပေါ် အကောင်းဆုံး ဖြစ်အောင် ကြိုးပမ်း အားထုတ် ရမည်သာ ဖြစ်သည်။

ကမ္ဘာကျော် စီးပွားရေး လုပ်ငန်းကြီး ဝေါလ်မတ် ကို တည်ထောင်သူ ဆမ်ဝေါလ်တန် ၏ အယူအဆမှာ ငွေကြေး အရင်းအနှီး ကမရှားပါ၊ ဉာဏ်အမြော်အမြင် က ရှားပါးသည်ဟု ဆိုသည်။ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းတစ်ခု တွင် ပရော်ဖက်ရှင်နယ် တစ်ယောက် ဖြစ်လိုသူ တစ်ဦးသည် မိမိကိုယ်ကို တိုးတက်အောင် မြှင့်တင်မှု၊ အကောင်းမြင် တတ်မှု၊ သူတစ်ပါးကို ကူညီတတ်မှု၊ အလုပ်အပေါ် အာရုံစူးစိုက်မှု၊ ဂရုတစိုက် နားထောင်တတ်မှု၊ လုပ်ကိုင်နိုင်သည့် အစွမ်းအစ ရှိမှု၊ ယုံကြည် အားထားရမှု၊ ရိုးသားမှု၊ တည်ကြည် ဖြောင့်မတ်မှုနှင့် သူတစ်ပါးကို လေးစားမှုတို့ ပြည့်စုံရမည်ဟု ပညာရှင်များက တိုက်တွန်း ထားသည်။

မိမိကိုယ်ကို တိုးတက်အောင် မြှင့်တင်ရာတွင် အခြားသူများထက် ပို၍ပင်ပန်းမှု ရှိမည် ဖြစ်သော်လည်း မိမိ၏ လုပ်ငန်း အတွေ့အကြုံနှင့် အသိအမြင်တို့က မိမိဘဝကို အခြားသူများထက် ပို၍မြင့်အောင် မြှင့်တင် ပေးနိုင်သည့် အကျိုးကျေးဇူး ခံစားရမည် ဖြစ်သည်။ ရိုးရိုးရှင်းရှင်း ဆိုရသော် အနာခံမှ အသာစံရမည် ဆိုစကားကို မမေ့အပ်ပေ။

ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင် ကြသူများ၏ ပြောပြချက်အရ စင်ကာပူ နိုင်ငံရောက် မြန်မာများသည် သူများ မလုပ်လိုသော အလုပ်ကို ဝင်ရောက်လုပ်ကိုင် ကြပြီး သင်ယူ တတ်မြောက် လွယ်ခြင်းကြောင့် နာမည်ကောင်း ရကြောင်း သိရသည်။ အချို့နိုင်ငံ များမှ စင်ကာပူသို့ လာရောက် အလုပ်လုပ်ကိုင် ကြသူများမှာ အလုပ် တစ်ခုတည်း ကိုသာ လုပ်ကြသော်လည်း မြန်မာများမှာ အလုပ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်ကိုင်သူ များသည်ဟု ဆိုသည်။

မြန်မာနိုင်ငံမှ အမေရိကန် ပြည်ထောင်စု သို့ MBA ကျောင်း သွားတက်သူ တစ်ဦးသည် ၄င်း သင်တန်းဆက် မတက်တော့ဘဲ သူနာပြု အလုပ်ကို ဝင်လုပ်ခဲ့သည်။ ဤသို့ အလုပ်ပြောင်း ရခြင်းမှာ အမေရိကန် ပြည်ထောင်စုတွင် MBA စာမေးပွဲ အောင်ထားသူ ဦးရေ များပြားသဖြင့် အလုပ်အကိုင် ရရန် မလွယ်ကူသည့် အပြင် အလုပ်ပြုတ် လွယ်သော်လည်း သူနာပြု အလုပ်မှာ စိတ်ဝင်စားသူ နည်းပါးသဖြင့် အလုပ် တည်မြဲခြင်း ကြောင့် ဖြစ်ကြောင်း သိရသည်။ မိမိ ဝါသနာ ပါသော အလုပ်ကို ရွေးချယ်ခွင့် မရှိ၊ ရွေးလို့လည်း မရတော့သည့် အခြေအနေ အပေါ် အကောင်းဆုံး ဖြစ်အောင် ကြိုးပမ်း အားထုတ်သည့် သာဓကပင် ဖြစ်သည်။

မည်သည့် လုပ်ငန်းမျိုး မဆို လုပ်ငန်းအပေါ် အာရုံစူးစိုက်မှု ရှိမှ အကျိုးရှိ နိုင်မည်။ လုပ်ငန်းအပေါ် အာရုံ စူးစိုက်မှု မရှိသူသည် အချိန်ကြာ လာသည်နှင့်အမျှ လုပ်ငန်းနှင့် ကင်းကွာ သွားတတ်ပြီး လုပ်ငန်းခွင် မှာလည်းဆုံးရှုံး နစ်နာမှုများ ရှိလာတော့သည်။ လုပ်ငန်းခွင်တွင် အာရုံစူးစိုက်မှု ရှိကြမှသာ မိမိလုပ်ငန်းနှင့် ပတ်သက်သည့် အမှန်နှင့်အမှား ကို ဂဃနဏ သဘောပေါက် နားလည်ကာ တိုးတက်မှု ရရှိနိုင်မည့် အပြင် လုပ်ငန်း တိုးတက် အောင်မြင်မှု ကြောင့် မိမိကိုယ်တိုင် ဘဝအတွက် ချမ်းမြေ့ ပျော်ရွှင်မှုနှင့် အတူ လုပ်ဖော်ကိုင်ဖက် များအတွက်လည်း ချမ်းမြေ့ ပျော်ရွှင်မှုကို ရရှိနိုင်ကြမည် ဖြစ်ကြောင်း အမြဲမပြတ် သတိချပ် ကြရမည် ဖြစ်ပေသည်။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment