Pages

Monday, March 9, 2015

နိုင်ငံရေးအမြတ်ထုတ်ခံ သားကောင်များ


နိုင်ငံရေးအမြတ်ထုတ်ခံ သားကောင်များ

စိုင်းထွန်းထွန်းမင်း ( အောင်ဘာလေ )

ပြီးခဲ့တဲ့ ရက်ပိုင်းက ဈေးပစ္စည်းတချို့ ဝယ်ဖို့ ဖားကန့်ကို ကျွန်တော် သွားခဲ့ပါတယ်။ ဖားကန့် ရောက်လို့ ဈေးပစ္စည်းတွေ ဝယ်ရင်း ဆိုင်ရှင်တွေက ရွာရဲ့ အခြေအနေကို မေးကြ ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ အောင်ဘာလေ ရွာအနီး တိုက်ပွဲ အခြေအနေ တွေနဲ့ တိုက်ပွဲတွေကြောင့် ရွာသားတွေ ပိတ်မိနေကြောင်း မဟုတ်မမှန် ရေးသားထားတဲ့ ဂျာနယ်တွေကို ပြပါတယ်။ ဂျာနယ်တွေ ထဲမှာ ကိုယ့်ရွာအမည် ပါတာတွေ့ရတော့ ဝမ်းသာမိပေမယ့် မသိတဲ့ သတင်းကို မှားယွင်း ရေးသားထားတာ တွေ့ရတော့ အခြေအနေမှန်၊ ဖြစ်စဉ်အမှန် ကိုသိပြီးမှ ဖော်ပြသင့်တယ် လို့ ဒီ သတင်းရေး သူတွေကို ပြောချင်ပါတယ်။ ဒီသတင်းတွေ ဖတ်ရသူတိုင်း အောင်ဘာလေရွာ၊ ကံစီးရွာ တွေမှာ စစ်ရှောင် ဒုက္ခသည်တွေ များပြားနေပြီး အခုအချိန်ထိ သွားရေးလာရေး ခက်ခဲနေတုန်းလို့ ထင်ကြမှာ မလွဲပါပဲ။

တကယ်တမ်း ကျွန်တော်တို့ အောင်ဘာလေရွာ၊ ကံစီးရွာ တွေဟာ ဥရုချောင်းဖျားမှာ တည်ရှိပြီး ဖားကန့်မြို့နဲ့ ၁၂ မိုင် အကွာအဝေးမှာ တည်ရှိပါတယ်။ အဓိက ကတော့ KIA တွေ ကျက်စားရာ ဒေသဆိုလည်း မမှားပါဘူး။ ကျွန်တော်တို့ သိတတ်စ အရွယ် ကတည်းက ဒီဒေသမှာ နေထိုင်ကြတဲ့ ရှမ်း၊ ဗမာ၊ ကချင် စတဲ့ တိုင်းရင်းသား တွေဟာ KIA ကို ဆက်ကြေးပေး နေခဲ့ရ ပါတယ်။ ဆက်ကြေး တောင်းခံတဲ့ အကြောင်းအရာ တွေကတော့ ခေါင်းစဉ် အမျိုးမျိုးပြောင်းပြီး တစ်လတစ်ခါ၊ ဒါမှမဟုတ် သုံးလတစ်ခါ တော့ ပေးနေရပါတယ်။ တပ်မတော် စစ်ကြောင်းတွေ ရွာအနီး ရောက်လာရင်တော့ KIA တို့ ထွက်ပြေး ရှောင်တိမ်းကြ ပါတယ်။ ဒါကြောင့် တိုက်ပွဲတွေ ဖြစ်တာ ကြားရရင်လည်း ရွာနဲ့ ဝေးကွာပြီး လက်နက်ကြီး သံတွေ ကြားရပါတယ်။

ဒီတစ်ခါ ရွာအနီးမှာ ဖြစ်တဲ့ တိုက်ပွဲကတော့ ကျွန်တော်တို့ ဒီတစ်ခါပဲ ကြုံဖူးပြီး အင်မတန် ထိတ်လန့်ခဲ့ရ ပါတယ်။ တကယ်တမ်း တိုက်ပွဲ ဖြစ်ရတဲ့ အကြောင်းရင်း ကတော့ KIA က စမွှေးတဲ့ မီးကြောင့်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် သုံးယောက်ကို ပြန်ပေးဆွဲ ဖမ်းဆီးပြီး ကျွန်တော်တို့ ရွာနားမှာ တိုက်ပွဲ ဖန်တီးတာဟာ KIA တို့ ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲ ဖြစ်နေတဲ့ အချိန်နဲ့ တိုက်ပွဲတွေ ပြီးချိန်မှာ KIA ခေါင်းဆောင် တွေက သတင်းသမား တွေကို ဖုန်းနဲ့ သတင်း အမှားတွေ ပေးလိုက်ပြီး ဒေသခံတွေ စစ်ပွဲကြောင့် ပိတ်မိ နေကြောင်း၊ ရွာတွေကို စွန့်ခွာကာ စစ်ရှောင် ဒုက္ခသည်တွေ ဖြစ်နေကြောင်း လုပ်ကြံဖန်တီး လိုက်တာ ဖြစ်ပါတယ်။ တိုက်ပွဲကြောင့် ကံစီး ဘုန်းကြီးကျောင်း နဲ့ ကံစီးနှစ်ခြင်း ခရစ်ယာန်ကျောင်း တွေမှာ ကျွန်တော်တို့ တစ်ရက်နှစ်ရက် ခိုလှုံခဲ့ကြတာ ကတော့ အမှန်ပဲ ဖြစ်ပါတယ်။

တိုက်ပွဲတွေ ပြီးသွားပြီး KIA တွေ ထွက်ပြေး သွားတာနဲ့ တပ်မတော် စစ်ကြောင်းတွေ ရွာထဲ ဝင်လာကာ ကျွန်တော်တို့ ရွာသူရွာသားေ တွကို ဆန်၊ ပဲနဲ့ အခြားရိက္ခာ တွေ ထောက်ပံ့ ပေးပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေ ပြီးသွားတာမို့ ကိုယ့်အိမ်မှာ ကိုယ်ပြန် နေနိုင်အောင် ပစ္စည်းတွေ ဝိုင်းဝန်းသယ်ပိုး ရွှေ့ပြောင်း ပေးကြပါတယ်။ ရွာသား အယောက် ၂ဝဝဝ လောက် ဒုက္ခသည် ဖြစ်နေတယ် ဆိုတဲ့ သတင်းမှားကြောင့် ဖားကန့် က ခရစ်ယာန် အသင်းတော် ကလည်း ထောက်ပံ့ရေး ပစ္စည်းတွေနဲ့ တိုက်ပွဲတွေ ငြိမ်သွားချိန်မှာ ရောက်လာခဲ့ ပါတယ်။

တကယ်တမ်း အစိုးရိမ်လွန်ကာ ကံစီးရွာသစ်ကို ထွက်ပြေးပြီး ပြန်လာတဲ့ ရွာသူရွာသား အယောက် ၆ဝ ခန့်သာ ရွှေ့ပြောင်းရတဲ့ အခက်အခဲကြောင့် အဆင်မပြေတာ တွေ့ပြီး အသင်းတော်က သူတို့ ထောက်ပံ့ရေး ပစ္စည်းတွေ ပေးကာ ပိုတဲ့ပစ္စည်း တွေကို ပြန်သယ် သွားခဲ့ပါတယ်။ အခု အခြေအနေ မှာတော့ ကျွန်တော်တို့ ရွာမှာကော၊ ကံစီးရွာ မှာပါ အားလုံးလိုလို ပြန်လည်နေထိုင် နေကြပြီး အစိုးရိမ်လွန် နေကြတဲ့ အိမ်ထောင်စု ဆယ်ဂဏန်း လောက်ပဲ ပြန်လည် နေထိုင်ဖို့ ကျန်ပါတော့တယ်။

KIA တို့အနေနဲ့ ကျွန်တော်တို့ကို ဒုက္ခသည် အဖြစ်သာ မြင်တွေ့ လိုပေမယ့် ဒုက္ခသည် ဖြစ်ခဲ့ရင်လည်း ဘာမှ ထောက်ပံ့မပေး နိုင်သလို ဒုက္ခသည်ကို ဗန်းပြပြီး တောင်းစားမယ့် အခြေအနေ ဖြစ်ပါတယ်။ KIA ရှိနေသရွေ့ ဒေသခံ တိုင်းဟာ ဒုက္ခပင်လယ် ဝေနေကြရဦးမှာ ဖြစ်သလို အခုလိုပဲ ''နိုင်ငံရေး အမြတ်ထုတ်ခံ သားကောင်များ '' အဖြစ် အသုံးချခံ နေရဦးမှာ ဖြစ်တယ်ဆိုတာ တိုင်းရင်းသား ညီနောင်များ သိအောင်တော့ ပြောလိုက် ပါရစေ။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment