Pages

Monday, March 9, 2015

အမှတ်(၁) အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း Grand Opening Ceremony ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
အမှတ်(၁) အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းမုခ်ဦးဆိုင်းဘုတ် နှင့် ကမ္ပည်းမော်ကွန်းကို 
စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးစဉ်


နေပြည်တော် ၊ ၉-၃-၂၀၁၅

ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ တိုးချဲ့ဆောက်လုပ်မည့် ဆိပ်ကမ်းများတွင် တစ်ခုအပါအ၀င် ဖြစ်သော မြန်မာစီးပွားရေး ကော်ပိုရေး ရှင်း၊ အမှတ်(၁)အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ အလုံမြို့နယ် တိုးချဲ့ကမ်းနားလမ်း သစ်ပေါ်ရှိ အမှတ်(၁) အလုံအပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းတွင် ပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။

အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ မြန်မာ စီးပွားရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်း၊ ပို့ဆောင်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဟန်စိန်၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးများ၊ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အကောက်ခွန် ဦးစီးဌာန၊ ကူးသန်းရောင်း ၀ယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ နိုင်ငံခြား သင်္ဘောလိုင်းမှ အေဂျင်စီ ကိုယ်စားလှယ်ကြီးများ၊ ဖိတ်ကြားထားသည့် ပြည်တွင်း/ ပြည်ပ ပို့ကုန် သွင်းကုန် ကုမ္ပဏီများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် မြန်မာစီးပွားရေး ကော်ပိုရေး ရှင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ မြန်မာ စီးပွားရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာေ မာင်မောင်သိမ်း၊ ပို့ဆောင်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဟန်စိန်နှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ၀န်ကြီး၊ မြို့တော်ဝန် ဦးလှမြင့် တို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ စစ်ထောက်ချုပ် 
ဒုတိယဗိုလ်ချုပ်ကြီး ညိုစော နှင့် တာဝန်ရှိသူများ အမှတ်(၁) အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း 
ဖွင့်လှစ်ခြင်း အခမ်းအနား ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးစဉ်

ထို့နောက် အမှတ်(၁) အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း မုခ်ဦးဆိုင်း ဘုတ်နှင့် ကမ္ပည်းမော်ကွန်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ ၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဧည့်သည်တော်ကြီးများက မုခ်ဦးဆိုင်းဘုတ်နှင့် ကမ္ပည်း မော်ကွန်းအား အောင်သပြေ အမွှေးနံ့သာရည် များဖြင့် ပက်ဖြန်းပေးကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆိပ်ကမ်း Command Centre ရှိ CCTV Control Room အား လှည့်လည် ကြည့်ရှုကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် 
အဖွဲ့ဝင်များ ဆိပ်ကမ်း Command Centre ရှိ CCTV Control Room ကိုလှည့်လည် ကြည့်ရှုစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် 
အဖွဲ့ဝင်များကို မြန်မာစီးပွားရေး ကော်ပိုရေးရှင်းမှ စီမံကိန်းများ ညွှန်ကြားရေးမှူး ဦးခင်မောင်စိုး က 
အမှတ်(၁) အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း 
တည်ဆောက်မှုများ နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြစဉ်

၎င်းနောက် မင်္ဂလာမဏ္ဍပ်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များကို မြန်မာစီးပွားရေး ကော်ပိုရေးရှင်းမှ စီမံကိန်း များညွှန်ကြားရေး မှူး ဦးခင်မောင်စိုးက အမှတ်(၁) အလုံ အပြည်ပြည် ဆိုင်ရာဆိပ်ကမ်း တည်ဆောက်မှု များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ထို့နောက် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ်တို့အား အထိမ်းအမှတ် တံဆိပ်များ ပေးအပ်ပြီး ဆိပ်ကမ်းသို့ ဆိုက်ကပ်ထားသည့် MV KOTA TAM PAM သင်္ဘော၊ MV THAI BINH 68 သင်္ဘော နှင့် MV Royal 16 သင်္ဘောသုံးစီးတို့မှ သင်္ဘော ကပ္ပတိန်များကို အထိမ်းအမှတ် အလံနှင့် ဂုဏ်ပြု အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  စက်ခလုတ်နှိပ်၍ အချက်ပေး ဥသြသံဖြင့် ဆိပ်ခံတံတားအား ဖွင့်လှစ်ပေးသည်။ ထို့သို့ အချက်ပေး လိုက်သည်နှင့် တစ်ပြိုင်နက် ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် MV KOTA TAM PAM သင်္ဘောပေါ်မှ ကုန်သေတ္တာများအား Ship to Shore Crane ဖြင့်မ၍ Yard Tractor အပေါ်သို့ တင်ဆောင်ပြီး ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်းများ စတင်လည်ပတ် ဆောင်ရွက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် 
အခမ်းအနား တက်ရောက်လာကြသူများ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်စဉ်

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက် လာကြသူများသည် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆိပ်ကမ်းအား လှည့်လည်ကြည့်ရှုကြပြီး X-Ray Machine ဖြင့် ကုန်သေတ္တာများကို လက်တွေ့စစ်ဆေးနေမှုအား ကြည့်ရှုကြသည်။

ယမန်နေ့ ဖွင့်လှစ်သော အမှတ်(၁) အလုံ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသည် ရန်ကုန်ဆိပ်ကမ်းများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ တိုးချဲ့ဆောက်လုပ် မည့်ဆိပ်ကမ်း ၆ ခုအနက် ပထမဆုံး တည်ဆောက်ပြီးစီး ဖွင့်လှစ်ခဲ့သော ဆိပ်ကမ်းဖြစ်ပြီး မြန်မာစီးပွားရေး ကော်ပိုရေးရှင်း၏ ရာနှုန်းပြည့် ရင်းနှီးမြှပ်နှံမှုဖြင့် ဆောင်ရွက်ခဲ့သော လုပ်ငန်းဖြစ်သည်။

ဆိပ်ကမ်း၏ ဆိပ်ခံတံတားမှာ အလျား ၆၀၀ မီတာ၊ ကုန်သေတ္တာလွင်ပြင် ၄၅.၁၈၃ ဧက ကိုပူးတွဲပါဝင် တည်ဆောက် ထားသဖြင့် တန်ချိန် ၂၀၀၀၀ ရှိ ပင်လယ်ကူး သင်္ဘောကြီး ၃ စီး တစ်ပြိုင်တည်း ဆိုက်ကပ်နိုင်မည် ဖြစ်ပြီး ကုန်သေတ္တာ ကိုင်တွယ်မှုမှာ တစ်နှစ်လျှင် ကုန်သေတ္တာ အလုံးရေ ၂၈၈၀၀၀ အထိ ၀န်ဆောင်မှု ပေးနိုင်စွမ်းရှိသည့် အတွက် ပြည်တွင်း/ ပြည်ပ သင်္ဘောလိုင်း/ ကုမ္ပဏီများ၏ လိုအပ်ချက်နှင့် အညီ ခေတ်မီ ကုန်တင်/ ကုန်ချ ယန္တရားကြီးများဖြင့် အကောင်းဆုံး ၀န်ဆောင်မှု ပေးနိုင်ကာ နိုင်ငံတော်၏ ပင်လယ်ရေကြောင်း ကုန်သွယ်မှု ကဏ္ဍကို ပိုမိုတိုးတက် လာစေရန် အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း သိရှိရသည်။

သတင်းဓာတ်ပုံများ





#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment