Pages

Thursday, January 29, 2015

ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်းများ မကြာမီပြီးစီးမည်



ရန်ကုန် ၊ ၂၉-၁-၂၀၁၅

တိမ်ကောနေပြီ ဖြစ်သော ပန်းလှိုင် မြစ်ကြောင်း တစ်လျှောက်နေ ပြည်သူများ ရေကြီးရေလျှံ နစ်မြုပ်မှုမှ ကင်းဝေးပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်မှုတွင် အထောက်အကူ ပြုစေမည့် ပန်းလှိုင် မြစ်ကြောင်း ပြန်လည် တူးဖော်ရေး စီမံကိန်းသည် မကြာမီ ကာလ အတွင်း ပြီးစီးတော့မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဆည်မြောင်း ဦးစီးဌာန (ထိန်းသိမ်းရေး) ရုံးမှ သိရသည်။

ပြန်လည် တူးဖော်ခြင်း လုပ်ငန်းတွင် ဆည်မြောင်း ဦးစီးဌာန (ရန်ကုန်) ထိန်းသိမ်းရေး၊ တည်ဆောက်ရေး (၁)၊ တည်ဆောက် (၉)တို့မှ ကြီးကြပ်၍ ကုမ္ပဏီ ခုနစ်ခုဖြင့် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ မှစတင်၍ ဘက်ဟိုး၊ ဒိုဇာ၊ ကုန်း/ ရေမြေတူးစက် နှင့် အခြားဆက်စပ် ယန္တရားများ အပါအဝင် စုစုပေါင်း စက်အစီး ၄ဝဝ ကျော်တို့ဖြင့် ဆောင်ရွက်ခဲ့ရာ ယနေ့အချိန် အထိ ၆ဝ ရာခိုင်နှုန်း ကျော်ပြီးစီး ပြီဖြစ်သည်။ လာမည့် မတ်လတွင် အပြီး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း စီမံကိန်း လုပ်ငန်းမှ သိရသည်။

လှိုင်သာယာ မြို့နယ် ပန်းလှိုင် ဂေါက်ကွင်း လမ်းအဆုံး မှ တွံတေးမြို့နယ် ဝါးရုံဆိပ်ကျေးရွာ အုပ်စု နံပါတ် (၅)ရွာ အထိ ၁၂၅ဝ ပေရှိသည့် ပန်းလှိုင်မြစ်ပိတ် တမံကြီးကို တည်ဆောက် လျက်ရှိကြောင်း ထပ်မံ၍ ပန်းလှိုင်တံတား ၏ ၁ မိုင်ခန့်အကွာ အထက်ဘက်နှင့် အောက်ဘက် တို့တွင် တစ်ခုစီနှင့် စုစုပေါင်း တမံသုံးခု ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဆည်မြောင်း ဦးစီးဌာန (ထိန်းသိမ်းရေး)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကံချွန် က ပြောသည်။

ထို ပန်းလှိုင်မြစ် တိမ်ကောမှုသည် ရန်ကုန်လှိုင်မြစ်ဝ မှစတင်ကာ ဧရာဝတီတိုင်း ဒေသကြီး မယ်ဇလီ တံတား၏ အထက်ပေ နှစ်ထောင်ခန့် အကွာအထိ ရှိပြီး အကျယ်ဆုံးမှာ ပေ ၁၂၅ဝ ရှိပြီး အကျဉ်းဆုံးမှာ ပေ ၁၅ဝ ဖြစ်ကာ စုစုပေါင်း ပြန်လည် တူးဖော်ခြင်း လုပ်ငန်း မြစ်အရှည်မှာ ၃၄ ဒသမ ၄ မိုင်ခန့်ရှိသည်။

ဆည်မြောင်း ဦးစီးဌာနမှ မြန်မာကျပ်ငွေ ၂၂ ဒသမ ၅ ဘီလီယံ အကုန်အကျခံ တူးဖော် သွားမည် ဖြစ်ကြောင်း ဆည်မြောင်း ဦးစီးဌာန (ရန်ကုန်)မှ သိရသည်။

အဆိုပါ ပန်းလှိုင်မြစ်သည် ၁၉၉၇- ၁၉၉၈ ခုနှစ်တွင် နှစ်ထပ်သင်္ဘော၊ သမ္ဗန်ကြီးများ၊ စက်လှေများ ဝင်ထွက် သွားလာနိုင် ခဲ့ကြောင်း သိရသည်။ ၂ဝ၁ဝ- ၂ဝ၁၂ ခုနှစ်တွင် ရန်ကုန် လှိုင်မြစ်ပေါက် မှစ၍ နည်းပညာ တက္ကသိုလ်အနီး ကင်းရွာအထိ ရေရရှိပြီး နောက်ပိုင်းတွင် စပါးစိုက် ဧရိယာများ ဖြစ်ပေါ်ကာ တိမ်ကော သွားကြောင်း သိရသည်။

ထို ပန်းလှိုင်မြစ်ကြောင်း တစ်လျှောက်တွင် ဆက်စပ်နေသော ကျေးရွာများ အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျေးရွာ ၃၉ အုပ်စု၊ ဧရာဝတီတိုင်း ဒေသကြီးတွင် လေးအုပ်စု ရှိပြီး လူဦးရေ တစ်သိန်း တစ်သောင်းကျော် နေထိုင်ကြသည်။ လယ်ဧက အနေဖြင့် တစ်သိန်းကျော်ခန့် ရှိသည်။

ထပ်မံ၍ ရန်ကုန်- လှိုင်မြစ်ဝ နှင့် ၁ မိုင်ခန့်အကွာ ပန်းလှိုင်မြစ် အတွင်း၌ ကိုရီးယား သို့မဟုတ် နယ်သာလန် တို့မှ နည်းပညာ အကူအညီဖြင့် ရေတံခါးတစ်ခု တည်ဆောက်ရန် နှင့် မယ်ဇလီတွင် ရေတံခါး တစ်ခု တည်ဆောက်ရန် လျာထားကြောင်း ဆည်မြောင်း ဦးစီးဌာန(ရန်ကုန်) အကြီးတန်း အရာရှိ တစ်ဦးက ပြောသည်။

မောင်မျိုး (ဧရာဝတီ)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment