Pages

Thursday, January 29, 2015

ဟိုတယ်ရှားပါးသော ဒေသများတွင် ဒေသခံများကို တစ်နိုင်တစ်ပိုင် တည်းခိုခန်း ဝန်ဆောင်မှုများ လုပ်ကိုင်ခွင့်ပြုရန် စီစဉ်



ရန်ကုန် ၊ ၂၉-၁-၂ဝ၁၅

မြန်မာနိုင်ငံ၌ ခရီးသွား လုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် ကျေးလက် ဒေသနေ ပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပို၍ဖန်တီး ပေးနိုင်ရန် ပြည်နယ်နှင့် တိုင်းဒေသကြီး တို့ရှိ ဒေသအချို့ ၌ တစ်နိုင်တစ်ပိုင် တည်းခိုခန်း ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ခွင့် ပြုရန် သက်ဆိုင်ရာမှ စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

နိုင်ငံခြား ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်မှု များသော်လည်း ဟိုတယ်နှင့် တည်းခိုခန်းများ မရှိသော အရပ်ဒေသများ၊ တည်းခိုစရာ နေရာများနှင့် ဝေးကွာသော ဒေသများ၌ ခရီးသွားများ အတွက် Bed & Breakfast တစ်နိုင်တစ်ပိုင် အသေးစား တည်းခိုခန်း ဝန်ဆောင်မှု လုပ်ငန်းများကို ဒေသခံ ပြည်သူများအား လူထု ဗဟိုပြု ခရီးသွား လုပ်ငန်းတစ်ခု အနေဖြင့် လုပ်ကိုင် ခွင့်ပြုရန် စီစဉ် ဆောင်ရွက်နေခြင်း ဖြစ်ပြီး တည်းခိုခန်း တစ်ခုလျှင် အခန်း နှစ်ခန်းမှ ခုနစ်ခန်းအထိ ငှားရမ်း ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

၎င်းအပြင် ထိုတည်းခိုခန်း အသေးစား များကို မြို့ကြီးအချို့၌ ဖွင့်လှစ် လုပ်ကိုင် ခွင့်ပြုရန် စီစဉ်ထား သော်လည်း ဟိုတယ်များနှင့် မည်မျှ ဝေးကွာရမည် ဆိုသည့် ကန့်သတ်ချက် များ ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ Bed & Breakfast တစ်နိုင်တစ်ပိုင် တည်းခိုခန်း လုပ်ငန်းများ လုပ်ကိုင်ခွင့် ပေးပြီး နိုင်ငံခြား ခရီးသွား ဧည့်သည်များအား တည်းခိုခွင့်ပြု ပါက ဒေသခံများ၏ လူနေမှု ဓလေ့စရိုက် များကို နိုင်ငံခြား ခရီးသွား ဧည့်သည်များ အနေဖြင့် အနီးကပ် လေ့လာခွင့် ရရှိနိုင်မည့် အပြင် မြန်မာ့ ခရီးသွား လုပ်ငန်းကိုလည်း တစ်ဖက် တစ်လမ်းမှ အထောက်အကူ ပြုရာ ရောက်ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာနမှ သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment