Pages

Thursday, January 8, 2015

ကုန်တင်ယာဉ်များ တန်ပို တင်ဆောင်ခြင်း မရှိစေရန် ဒဏ်ကြေးများ တိုးမြှင့်၍ အထူးကြပ်မတ် ဆောင်ရွက်မည်



ရန်ကုန် ၊ ၈-၁-၂ဝ၁၅

နိုင်ငံတစ်ဝန်းရှိ အဝေးပြေး လမ်းမများ ပေါ်တွင် မောင်းနှင်သွားလာ နေကြသော ကုန်တင်ယာဉ်များ အနေဖြင့် တန်ပို တင်ဆောင်ခြင်း များမရှိစေရန် ဒဏ်ကြေး နှုန်းထားများကို တိုးမြှင့် ကောက်ခံကာ အထူးကြပ်မတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၌ လမ်းပန်း ဆက်သွယ်ရေး သည် ယခင်ကထက် အဆင့်မြင့် တိုးတက် ကောင်းမွန် လာပြီဖြစ်ရာ ကားလမ်းများ နှင့် တံတားများကို ကာလတို အတွင်း မပျက်စီး စေဘဲ ရေရှည် ထိန်းသိမ်းနိုင်ရန် လမ်းအသုံးပြု သူများနှင့် ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ကြ ရမည် ဖြစ်သည်။ စည်းကမ်း ရှိသော နိုင်ငံကြီးများ၌ မော်တော်ယာဉ် များသည် တန်ပို တင်ဆောင်ခြင်း မရှိဘဲ ယာဉ် အမျိုးအစား အလိုက် သတ်မှတ် တန်ချိန် အတွင်းသာ ကုန်ပစ္စည်း များကို တင်ဆောင် သွားလေ့ရှိပြီး မြန်မာနိုင်ငံ ၌လည်း ယင်းကဲ့သို့ စည်းကမ်း လိုက်နာကြရန် သက်ဆိုင်ရာမှ အထူးကြပ်မတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် သတ်မှတ်ထားသော ကုန်တန်ချိန် ထက် ပိုမို တင်ဆောင်သော မော်တော်ယာဉ် များကို ဒဏ်ကြေးများ တိုးမြှင့် ကောက်ခံ သွားမည် ဖြစ်သည်။

ယင်းကဲ့သို့ ဒဏ်ကြေး တိုးမြှင့်ခြင်းမှာ လမ်း၊ တံတားများ ပျက်စီး ယိုယွင်းမှု မရှိစေဘဲ ကာလ ကြာရှည်စွာ အသုံးပြုနိုင်ရန်၊ မော်တော်ယာဉ် မောင်းများ၊ ယာဉ်ပေါ်တွင် လိုက်ပါ လာသူများ၊ လမ်းသွား လမ်းလာများ နှင့် အခြားသော မော်တော်ယာဉ် များအတွက် ထိခိုက်မှု အန္တရာယ်မှ ကြိုတင် ကာကွယ်နိုင်ရန် နှင့် အခြား မလိုလား အပ်သော ပျက်စီးဆုံးရှုံး မှုများ မဖြစ်ပေါ် စေရန် စသည့် ရည်ရွယ်ချက် များဖြင့် စီစဉ်ဆောင်ရွက် ရခြင်းဖြစ်ပြီး သတ်မှတ် တန်ချိန်ထက် ပိုမို တင်ဆောင် လာပါက သတ်မှတ် ကျသင့်ငွေ အပြင် အပိုတင်လာသော ကုန်ပစ္စည်းများ အတွက် အခြေခံနှုန်း၏ ၁ဝ ဆအထိ ဒဏ်ကြေး ချမှတ်ကာ ထပ်ပေါင်း ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေဖြင့် လမ်းအသုံးပြု သူများ ပေးဆောင်ရမည့် တန်ပို ဒဏ်ကြေးများကို ပြောင်းလဲ ကောက်ခံခြင်း အပြင် တံတားများ အသုံးပြုရာတွင် ကောက်ခံသည့် တန်ပို ဒဏ်ကြေး နှုန်းထားများ ကိုလည်း ပြောင်းလဲ သတ်မှတ်ရန် အစီအစဉ် ရှိကြောင်း နှင့် ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ ကုန်တင်ယာဉ် အမျိုးအစား အလိုက် နွေ၊ မိုး၊ ဆောင်း ကာလများတွင် သတ်မှတ် ခွင့်ပြု ထားသော ကုန်တန်ချိန် များကိုလည်း အာဆီယံ စံချိန်စံညွှန်းများ အတိုင်း ပြောင်းလဲ သတ်မှတ် သွားမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment