Pages

Friday, January 23, 2015

အာနန္ဒာဘုရားနံရံမှ ထုံးများကို နည်းပညာဖြင့် ခွာ၍ မူလနံရံ ဆေးရေးပန်းချီ လက်ရာအတိုင်း ပြန်လည် ထိန်းသိမ်း



ရန်ကုန် ၊ ၂၃-၁-၂ဝ၁၅

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ အာနန္ဒာ ဘုရား၏ နံရံမှ ထုံးများကို နည်းပညာဖြင့် ခွာ၍ မူလနံရံ ဆေးရေးပန်းချီ လက်ရာများကို ပြန်လည် ထိန်းသိမ်းခြင်း လုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ ထင်ရှားသည့် အဆောက်အအုံ တစ်ခုချင်း အလိုက် ရှေးလက်ရာ မပျက် ထိန်းသိမ်း ထားရှိရန် ဆောင်ရွက်လျက် ရှိရာ မြန်မာနှင့် အိန္ဒိယ အစိုးရတို့၏ သဘောတူ စာချုပ်အရ အိန္ဒိယ ရှေးဟောင်း သုတေသန လေ့လာရေး အဖွဲ့ နှင့် မြန်မာနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန တို့ ပူးပေါင်း၍ အာနန္ဒာဘုရင်း ရှိ နံရံဆေးရေး ပန်းချီများကို မူလလက်ရာ အတိုင်း ထိန်းသိမ်း စောင့်ရှောက်ခြင်း များ စတင် ဆောင်ရွက်နေပြီ ဖြစ်သည်။ ယင်း လုပ်ဆောင်ချက် ကို ခြောက်နှစ် စီမံချက်ဖြင့် လုပ်ဆောင် လျက်ရှိရာ အိန္ဒိယနိုင်ငံမှ အမေရိကန် ဒေါ်လာ ၃ သန်း ပံ့ပိုးကူညီ ထားပြီး အိန္ဒိယ ရှေးဟောင်း သုတေသန လေ့လာရေး အဖွဲ့က နည်းပညာများ ပံ့ပိုးကူညီ ပေးကြောင်း သိရသည်။ 

လက်ရှိတွင် အာနန္ဒာဘုရား အပြင်ပတ်လည် မိုးရေခံ စီးကြောင်းများကို သန့်စင် ခြင်း၊ ပစ္စယာ အဆင့်ဆင့် များရှိ စဥ့်ခွက်များ နှင့် ထုံးကြေးများ သန့်စင်ခြင်း၊ အတွင်းဘက်ပိုင်း အရှေ့ဘက်၊ တောင်ဘက်၊ မြောက်ဘက် အာရုံခံ တန်ဆောင်းများ နှင့် အနောက်ဘက် အဝင်မုခ်ရှိ ထုံးကြေးများကို သန့်စင်လျက် ရှိကြောင်း သိရသည်။

''ပုဂံက ဘုရားတွေမှာ နံရံဆေးရေး လက်ရာတွေ ရှိတယ်။ အင်မတန် တန်ဖိုးကြီးတယ်။ ဒါပေမဲ့ မသိတဲ့ သူတွေက မွမ်းမံမယ်ဆိုပြီး ထုံးသုတ် လိုက်တယ်။ အခု ရှေးဟောင်း သုတေသန က ပြည်ပပညာရှင် တွေနဲ့ ပူးပေါင်းပြီး ဒါတွေကို ပြန်လည် ဖော်ထုတ်တာ သိပ်ကောင်း ပါတယ်။ အာနန္ဒာ ဘုရားမှ မဟုတ်ဘူး။ အခြားဘုရား တွေကို လည်း တတ်နိုင်ရင် ဒါမျိုး လုပ်သင့်ပါတယ် '' ဟု သမိုင်း ပညာရှင်တစ်ဦး က ပြောသည်။(၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment