Pages

Monday, December 29, 2014

လာမည့် ဘဏ္ဍာနှစ်တွင် ရာသီဥတုဒဏ် ခံနိုင်သောလမ်းများကို လမ်းအဆင့် ပေါ်မူတည်ပြီး ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်မည်



ရန်ကုန် ၊ ၂၉-၁၂-၂ဝ၁၄

လာမည့် ဘဏ္ဍာနှစ်တွင် ရာသီဥတု ဒဏ်ခံနိုင်သော လမ်းများကို လမ်းပိုင်းများ အဆင့်ခွဲခြားကာ လမ်းအဆင့်ပေါ် မူတည်ပြီး ပြုပြင် ထိန်းသိမ်းမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ လမ်း၊ တံတားဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းအရ မြို့သစ် မြို့နယ်များနှင့် ချိတ်ဆက် ထားသည့် မြို့တွင်း ပတ်လမ်းများ ကောင်းမွန်ရန် ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။ မြို့ပတ်လမ်း၌ ကမ်းနားလမ်း၊ ဗိုလ်တထောင် ဈေးလမ်း၊ အနော်ရထာလမ်း၊ အောက် ပုဇွန်တောင်လမ်း၊ အထက် ပုဇွန်တောင်လမ်း၊ ဝေဇယန္တာလမ်း၊ သုဓမ္မာလမ်း၊ ခရေပင်လမ်း၊ အောက် မင်္ဂလာဒုံလမ်း၊ ဘုရင့်နောင်လမ်း နှင့် ကြည့်မြင်တိုင် ကမ်းနားလမ်း စသည့်လမ်းများ ပါရှိမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ နယ်နိမိတ် အတွင်း လမ်းခင်းခြင်း လုပ်ငန်းများ အတွက် ငွေကျပ် ၅ဝ ဘီလီယံကျော် အသုံးပြုမည် ဖြစ်ပြီး ကတ္တရာလမ်း များထက် ကွန်ကရစ်လမ်း များကိုသာ ဦးစားပေး ခင်းကျင်း နေကြောင်း သိရသည်။

၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာနှစ်တွင် လမ်းခင်းခြင်း လုပ်ငန်းများ အတွက် ငွေကျပ် ၇၇ ဒသမ ၁၆၂ ဘီလီယံ အပြင် တံတား တည်ဆောက်ခြင်း လုပ်ငန်းများ အတွက် ငွေကျပ် ၉ ဒသမ ၄၄၆ ဘီလီယံ အသုံးပြု သွားရန်
လျာထားကြောင်း သိရသည်။ လက်ရှိတွင် ကွန်ကရစ်လမ်း များအဖြစ် ရန်ကုန်မြို့ ရှိ အထက် ပုဇွန်တောင်လမ်း နှင့် အောက် မင်္ဂလာဒုံ လမ်းမကြီး တို့ကို ပြောင်းလဲ ခင်းကျင်းလျက် ရှိကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းများ ပြုပြင် ထိန်းသိမ်း ရာတွင် အဓိကအားဖြင့် ရာသီဥတု ဒဏ်ခံနိုင်ရန် ကွန်ကရစ်လမ်းများ ခင်းသွားမည် ဖြစ်ပြီး ပြည်လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်း အစရှိသည့် အဓိက လမ်းများကို ကတ္တရာလမ်း
အဖြစ် ထိန်းသိမ်း ပြုပြင်မည် ဖြစ်ကြောင်း သိရသည်။

မိုးရာသီ ကာလများ အတွင်း ရေတင်ကျန်မှု ရှိသော လမ်းများ၌ လမ်းပျက်စီး နိုင်မှုနည်းသော ကွန်ကရစ် လမ်းခင်းခြင်းများ ကိုသာ ဦးစားပေး လုပ်ဆောင် သွားမည်ဖြစ်သည်။ အဆိုပါ အဆင့်မြင့်လမ်း အဖြစ် လုပ်ဆောင်ရာတွင် လမ်း၊ တံတား လုပ်ငန်း ၁၁၆ ခုပါဝင် မည်ဖြစ်ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment